မန္တလေး မတ် ၂၁
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန သူနာပြုတက္ကသိုလ် (မန္တလေး) ၏ (၂၃) ကြိမ်နှင့် (၂၄) ကြိမ်မြောက် ဘွဲ့နှင်း သဘင်အခမ်းအနားကို မတ် ၂၁ ရက်က မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
သူနာပြုတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်ဝင်းစိန်က သူနာပြုသစ္စာအဓိဋ္ဌာန် (၈) ချက်ကို တိုင်ပေးပြီး သူနာပြုပါရဂူဘွဲ့၊ သူနာပြု မဟာသိပ္ပံဘွဲ့၊ အထူးပြုသူနာပြု ဒီပလိုမာဘွဲ့နှင့် သူနာပြုသိပ္ပံဘွဲ့များအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံကြရသူများအား သက်ဆိုင်ရာဘွဲ့များ အပ်နှင်းသည်။
(၂၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့တက်ရောက်ယူသူ သူနာပြုပါရဂူဘွဲ့ လေးဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ ၁၈ ဦး၊ အထူးပြုသူနာပြုဒီပလိုမာ ရှစ်ဦး၊ သူနာပြုသိပ္ပံဘွဲ့ ၂၄၁ ဦး၊ အဝေးရောက်ဘွဲ့ယူသူ အထူးပြုသူနာပြုဒီပလိုမာ နှစ်ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ ၂၃ ဦး၊ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ဘွဲ့ရရှိသူ သူနာပြုသိပ္ပံဘွဲ့ ၁၉၈ ဦးတို့ကို ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များပေးအပ်ကာ ဘွဲ့နှင်းသဘင်မိန့်ခွန်းပြောကြားသည်။
သူနာပြုတက္ကသိုလ် (မန္တလေး) အနေဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် ၁၉၉၈ ခုနှစ် နိုဝင်ဘာလမှစပြီး ၂၇ နှစ်တာကာလအတွင်း သူနာပြုပါရဂူဘွဲ့ ၁၀ ဦးနှင့် သူနာပြုမဟာသိပ္ပံဘွဲ့ ၁၈၈ ဦး၊ အထူးပြုသူနာပြု ဒီပလိုမာဘွဲ့ ၄၁၅ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပုံမှန်) ၃၀၆၇ ဦး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ၂၂၁၆ ဦး စုစု ပေါင်း ၅၈၉၆ ဦးတို့အား ဘွဲ့အပ်နှင်းနိုင်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)


