နေပြည်တော် မတ် ၂၁

 

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ထီးခမ်းကျေးရွာရှိ ဒေသခံ တိုင်းရင်းသားပြည်သူများအား အဆိုပါကျေးရွာရှိ ထီးတစ်ပင်ကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသား ပြည်သူ ၂၂၅ ဦးတို့အား အရိုးအကြောရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ ဖျားနာရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ အာထရာဆောင်းစက်ဖြင့် ရောဂါရှာဖွေပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

 

အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက် ဗောဓိမဏ္ဍိုင် သီလရှင်စာသင်တိုက်ရှိ သာသနာ့နွယ်ဝင် သီလရှင်များအား အဆိုပါ စာသင်တိုက်ရှိ ဓမ္မာရုံ၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

 

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သာသနာ့နွယ်ဝင် သီလရှင် ၁၁၅ ပါးအား သွေးတိုးရောဂါ၊ အဆစ် အမျက်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ မီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် သာသနာ့နွယ်ဝင် သီလရှင်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။     

 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်