မင်းဘူး မတ် ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်တွင် ကျောက်စံနှင့်ကန်းနီ လျှပ်စစ်ရေတင်စီမံကိန်းများဖြင့် နွေစပါးဧက ၃၅၀ အတွက် ရေပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းထံမှ သိရသည်။
လျာထားစိုက်ပျိုး
မင်းဘူး (စကု) မြို့နယ်အတွင်း ဒေသခံတောင်သူများက ဆည်ရေသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများစသည့် ရေရရှိရေးနည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ၂၀၂၆-၂၀၂၇ နွေစပါးစိုက်ပျိုးရာသီတွင် ကျောက်စံနှင့်ကန်းနီ လျှပ်စစ်ရေတင်စီမံကိန်းများနှင့် ဆိုလာဓာတ်အားပေးစနစ် ရေတင်ခြင်းများဖြင့် နွေစပါးဧက ၃၅၀ လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မင်းဘူး (စကု) မြို့နယ်မှ ဒေသခံတောင်သူများ လူမှုစီးပွားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးစီမံကိန်းတို့မှ နွေစပါးများ စိုက်ပျိုးလျက်ရှိရာ ကန်းနီဆိုလာလျှပ်စစ်နှင့် မြစ်ရေတင်စီမံကိန်းမှ ဧက ၁၅၀ ကို ဖေဖော်ဝါရီ ၁ ရက်တွင် လည်းကောင်း၊ ကျောက်စံဆိုလာလျှပ်စစ်ရေတင်စီမံကိန်းမှ ဧက ၂၀၀ ကို ဖေဖော်ဝါရီ ၁၅ ရက်က ရေများပေးဝေစိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ဇေယျာနိုင် (ရွှေကန်မြေ)


