တိုကျို မတ် ၂၂
ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိနှင့် ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်တို့က ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့က ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့၏ ယိုကိုဆူကာ အခြေစိုက်စခန်း၌ တစ်နာရီကြာ တွေ့ဆုံဆွေးနွေးကြသည်။
ယခုဂျပန်ခရီးစဉ်သည် ကမ္ဘာ့နိုင်ငံများက အရှေ့အလယ်ပိုင်း ပဋိပက္ခအပေါ် အာရုံစိုက်လျက်ရှိစဉ် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဥရောပနှင့် အင်ဒို-ပစိဖိတ်ဒေသ လုံခြုံရေးအရ နီးကပ်စွာချိတ်ဆက်နေကြောင်းကို လက်တွေ့ကျသောနည်းလမ်းဖြင့် ပြသခဲ့ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ္စတိုးရီးယပ်စ်က ပြောကြားခဲ့သည်။
ထို့ပြင် ယခုအချိန်သည် ဒေသတွင်းနိုင်ငံများအတွက် စည်းလုံးညီညွတ်ပြီး အတူတကွပူးပေါင်း လုပ်ဆောင်ရန် အရေးကြီးဆုံးအချိန်ဖြစ်ကြောင်း ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုး ရီးယပ်စ်က ပြောသည်။
အလားတူ ဂျပန်နှင့် ဂျာမနီကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်းသည် ဒေသတွင်းလုံခြုံရေးတိုးမြှင့်ရန်အတွက် အလွန်အရေးကြီးကြောင်းလည်း ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက ပြောသည်။
လျင်မြန်သောပြောင်းလဲမှုများကို တုံ့ပြန်ရန် နိုင်ငံတစ်နိုင်ငံတည်းအတွက် ခက်ခဲကြောင်းနှင့် ဂျပန်နှင့် ဂျာမနီတို့ကဲ့သို့ စိတ်တူကိုယ်တူနိုင်ငံများအတွက် ယခင်ကထက် ပိုမိုနီးကပ်ရန်အရေးကြီးကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက သတင်းထောက်များအား ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


