မြစ်ကြီးနား မတ် ၂၂

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများအတွက် စက်သုံးဆီဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မကြာမီကာလအတွင်း မိုးစပါးစိုက်ပျိုးရမည့်အချိန်ကို ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ထယ်ရေးဝင် ထွန်ယက်ချိန်တွင် တောင်သူများ စက်သုံးဆီသုံးစွဲနိုင်ရေး စီမံဆောင်ရွက်သွားရန်လိုကြောင်း၊ ထို့အပြင် ဒေသတွင်းစက်သုံးဆီခြိုးခြံချွေတာရေးအတွက် စီမံဆောင်ရွက်ရာတွင် လမ်းညွှန်ကြေညာချက်များနှင့်အညီ စက်သုံးဆီသုံးစွဲသူပြည်သူများ အလေးထား လိုက်နာနိုင်ရေးကိုလည်း စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ထို့အပြင် စက်သုံးဆီဈေးနှုန်း တည်ငြိမ်စေရေး စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်များအား ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်နယ်စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြုးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်အတွင်း စက်သုံးဆီ သိုလှောင်ဖြန့်ဖြုးရောင်းချနိုင်ရေး စက်သုံးဆီ တင်သွင်းခွင့်ရရှိမှုအခြေအနေများ၊ စက်သုံးဆီခြိုးခြံချွေတာရေးအတွက် ထုတ်ပြန်ထားရှိမှုများအပေါ် ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများကို လည်းကောင်း၊ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ် စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးစိုင်းကြည်ရွှင်က စက်သုံးဆီသယ်ယူ ပို့ဆောင်မှုအပေါ် ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပြည်နယ်အတွင်း ရောက်ရှိလာသည့် စက်သုံးဆီကားများအား စစ်ဆေးဆောင်ရွက်နေသည့် အခြေအနေများ၊ စက်သုံးဆီခွဲတမ်းများအပေါ် စိစစ်တင်ပြသွားမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးက ဌာနဆိုင်ရာများ လျှပ်စစ်မီးရရှိမှုအခြေအနေကြောင့် စက်သုံးဆီ သုံးစွဲဆောင်ရွက်လျက်ရှိသည့်အပေါ် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး မလိဓာတ်အားလိုင်းရရှိရေး ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စက်သုံးဆီခြိုးခြံချွေတာရေး ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ စုံရက်၊ မရက် ခွဲခြားဆောင်ရွက်သွားမည့် အစီအမံများနှင့် စိုက်ပျိုးချိန်အမီ ထယ်ရေးဝင်ရောက်ချိန် တောင်သူတစ်ဦးချင်းအလိုက် တစ်ဧကလျှင် သုံးစွဲသွားမည့် စက်သုံးဆီ အပေါ်အခြေခံ၍ တွက်ချက်ထားရှိမှုအပေါ် သုံးသပ်တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က စက်သုံးဆီများကို ခြိုးခြံချွေတာနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ တောင်သူများ ထွန်ယက်စိုက်ပျိုးချိန်တွင် လုံလောက်ဖူလုံစွာသုံးစွဲနိုင်ရေး အလေးထားဆောင်ရွက်သွားကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)