စစ်တွေ မတ် ၂၂
(၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများ၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းထွန်းဦးက စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) တို့က လမ်းဖွင့်ပွဲအထိမ်းအမှတ် အလံများ ပေးအပ်ကြသည်။ ယင်းနောက် ဒေသခံပြည်သူ တစ်ဦးက လမ်းအဆင့်မြှင့်တင်ကာ ဖွင့်လှစ်ပေး ခြင်းအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စစ်တွေ - ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ကရစ်လမ်းတစ်လျှောက် လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး လမ်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကွန်းကရစ်လမ်းဖွင့်ပွဲတွင် တက်ရောက်ပါဝင် တီးခတ်ဖျော်ဖြေပေးကြသော အခြေခံပညာကျောင်းများမှ ဘင်ခရာအဖွဲ့၊ အေရိုးဗစ် အကအဖွဲ့၊ ပန်းဖွားအဖွဲ့၊ ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်စည်တော်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ယခုဖွင့်လှစ်သော စစ်တွေ-ပလ္လင်ပြင်လမ်း ကွန်ကရစ်လမ်းကို ပြည်နယ်အစိုးအဖွဲ့ ရန်ပုံငွေ၊ ပြည်ထောင်စုရန်ပုံငွေတို့ဖြင့် ၃ မိုင် ၅ ဒသမ ၄၄ ဖာလုံအား ၁၈ ပေအကျယ် ကွန်ကရစ်လမ်း ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် စေတနာရှင် အလှူရှင်များက လှူဒါန်းသော နေ့လယ်စာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများအား ကျွေးမွေးရန် စီစဉ်ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုကြပြီး တပ်ဖွဲ့ဝင်များအား ထမင်းနှင့်ဟင်းလျာများကို ပေးအပ်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က တပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်မိသားစုများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


