ရန်ကုန် မတ် ၂၂
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၌ အောင်သုခဓမ္မစကူး (၁၀)နှစ်ပြည့် နှစ်ပတ်လည်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက အမှတ်(၉၃) ရပ်ကွက် အောင်သုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး အောင်သုခ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်မှ ဩဝါဒကထာ ချီးမြှင့်သည်။ ထို့နောက် အာဟာရ ဒါန အလှူရှင်များအား ဂုဏ်ပြုလွှာများပေးအပ်ပြီး ငါးနှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ဆုများ ချီးမြှင့်သည်။ ဆက်လက်၍ ၂၀၂၅−၂၀၂၆ ပညာသင်နှစ်အတွက် ဝီရိယဆု၊ စံပြဆုနှင့် ကျောင်းတက် မှန်ဆုများကို ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးသည်။ ဆက်လက်၍ ၂၀၂၅−၂၀၂၆ ပညာသင်နှစ်အတွင်း ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့သော သုတဒီပလိုမာ ထူးချွန်ဆုရရှိ သော ဆရာ ဆရာမများအား ဆုများ ချီးမြှင့်ပေးပြီး အောင်သုခ ဓမ္မစကူး ကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြန်လည် ပြောကြားသည်။ အခမ်းအနား အပြီးတွင် အလှူရှင်များအား ဖုန်း၊ Tablet နှင့် ပန်ကာ၊ ဂက်စ်မီးဖိုများ၊ ရွှေလက်စွပ်နှင့်် ရွှေကလစ်များ ပါဝင်သော ပေါက်မဲ ၂၀ အား ကံစမ်းမဲများနှိုက်၍ မဲဖောက်ပေးခဲ့ပြီး နိဗ္ဗာန်ဈေးပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)


