ရန်ကုန် မတ် ၂၂

 

ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(အင်းစိန်)၊ မြို့နယ်စာပေဥယျာဉ် (Book Club) အသင်းနှင့် မြို့နယ်စာရေး ဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သုတ၊ ရသ စာပေ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခိုင်ဇာထွန်းက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အသင်းနာယက ဆရာကြီး ဦးရန်နောင် (ရန်နောင်-ပညာရေး)နှင့် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးတော်မြင့် (တော်မြင့်-ငှက်ဖျား)တို့က အမှာစကားပြောကြားသည်။

 

ထို့နောက် စာရေးဆရာ မင်းသီဟရာဇာက ၁၉၆၃ ခုနှစ်၊ စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး ရေးသားထုတ်ဝေခဲ့သည့် “ဒို့တိုင်းဌာနီအမည်ရှိ နယ်ချဲ့ဆန့်ကျင်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက်ရေး နောက်ခံပါရှိသော စာအုပ်ဒုတိယပိုင်းအကြောင်းကို ပြည့်စုံစွာ ဟောပြောဆွေးနွေးသည်။ စာရေးဆရာ၊ စာပေဥယျာဉ် အသင်းဝင်များ ဖြစ်ကြသည့် တော်မြင့်(ငှက်ဖျား)၊ ကျော်ဇင်ဝင်း (မရမ်းကုန်း)၊ ပျိုပျိုယောဂ (သစ်တော)၊ နန်းဝေ(ပျူပုတီး)၊ ရန်နောင်(ပညာရေး)နှင့် ငွေလင်း (ရုပ်ရှင်)တို့က သိလိုသည်များကို မေးမြန်းဆွေးနွေး အမြင်ချင်းဖလှယ်ကြကာ အသင်းနာယက ဆရာ ဦးသက်တင်(မောင်သာတင့်- မြန်အောင်)က ကျေးဇူးတင်စကား ပြောကြား၍ အသင်းဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်(မောင်မောင်ဝင်းမြင့်-မှုခင်း)က နိဂုံးချုပ်စကား ပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအား အသင်းတာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်ဦး