ရမည်းသင်း မတ် ၂၂
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ပုတီးကုန်းကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင် ဇေယျသိဒ္ဓိအိုင်လျား ဆုတောင်းပြည့်စေတီတော်ကြီး အထက်ဌာပနာ ထည့်သွင်းပူဇော်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီတော်ကြီး ပရိဝုဏ်တွင် ကျင်းပသည်။
အခမ်းအနားသို့ ရမည်းသင်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဦးကုမာရ (ပုတီးကုန်းကျောင်း)၊ ဦးမာဃိန္ဒ(ရန်ကုန်)ဆရာတော် နှင့် ရပ်/ကျေးအသီးသီးမှ ဆရာတော်များ ကြွရောက်ကြသည်။ ဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ထည့်သွင်းပူဇော်မည့် ရတနာ ပစ္စည်းများအား ပင့်ဆောင်ကာ စေတီတော်ကြီးအား လက်ယာရစ် သုံးကြိမ် လှည့်လည်အပူဇော်ခံပြီး ဌာပနာတိုက်အတွင်းသို့ ထည့်သွင်းပူဇော်သည်။ ယင်းနောက် ဦးမာဃိန္ဒ(ရန်ကုန်ကျောင်း)ဆရာတော်ဟောကြားသော တရားတော်ကို နာယူကြသည်။
အခမ်းအနားသို့ ရမည်းသင်းမြို့နယ်မှ အလှူရှင်များ၊ မြို့လှရွာ၊ ပုတီးကုန်းရွာ၊ ရိုးကြီးရွာ၊ ကုန်းသာရွာ၊ ကမ္မရွာ၊ လေသာကုန်း အစရှိသော ကျေးရွာများမှ အလှူရှင်များ လာရောက်ကြကြောင်း သိရသည်။
လှိုင်သန်းတင့်(ရမည်းသင်း)


