တာချီလိတ် မတ် ၂၂

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ လာမည့်မိုးတွင်းကာလတွင် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်အတွက် နမ့်ယွန်းချောင်းအတွင်းရှိ နုန်းများတူးဖော်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်တပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်ဝေသုံ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများက နမ့်ယွန်းချောင်းအတွင်းရှိ နုန်းများ၊ အမှိုက်သရိုက်များ၊ ဒိုက်ဖတ်များ၊ ရွှံ့နုန်းသဲများအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ နမ့်ယွန်းချောင်းအတွင်း နုန်းများတူးဖော်ခြင်းကို မင်းခေတ်သစ်ကုမ္ပဏီက မြို့မဈေးထိပ်အနီး၊ အကောက်ခွန်ရုံးအနီး၊ မကာဟိုခမ်း ရပ်ကွက်ရုံးအနီးထိ ပေ ၉၅၀ ခန့်ကို မတ်လကုန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။            

မြင့်မိုရ်(တာချီလိတ်)