ဂြိုဟ်သားများ ရှိသလားဆိုသည်မှာ သိပ္ပံလောက၏ သက်တမ်းအရင့်ဆုံး မေးခွန်းများထဲမှ တစ်ခုဖြစ်သည်။ ထိုမေးခွန်းအတွက် ပြင်ပဂြိုဟ်ဟုခေါ်သော နေမိသားစု အပြင်ဘက်၊ သက်ရှိ ဖြစ်တည်နိုင်သော ဇုန်အတွင်းရှိ ဂြိုဟ်များကို  လေ့လာလျက်ရှိရာ   ယခု ကော်နဲလ်တက္ကသိုလ် ကားလ်ဆေဂန် အင်စတီကျုမှ သိပ္ပံပညာရှင်များက ကမ္ဘာနှင့်တူသော ပြင်ပဂြိုဟ် ၄၅ လုံးကို တွေ့ရှိပြီး လေးလုံးမှာ အလင်းနှစ် ၄၀ ဝန်းကျင်အတွင်းရှိသည်ဟု ထုတ်ပြန်လိုက်သောကြောင့် စိတ်ဝင်စား စရာ ကောင်းလာခဲ့သည်။

လက်ရှိအချိန်ထိ သိထားပြီးသော ပြင်ပဂြိုဟ် ၆၀၀၀ ဝန်းကျင်ခန့်ရှိရာ ယခုလေ့လာမှုအသစ်မှာ   ထိုဂြိုဟ်များထဲမှ နေမိသားစုနှင့်လည်းနီး၊ သက်ရှိဖြစ်တည်နိုင်သော  ဇုန်အတွင်းတည်ရှိသည့်  ဂြိုဟ် ၄၅ လုံးကို  အထူးပြုလေ့လာခဲ့ခြင်းဖြစ်သည်။  ထိုဂြိုဟ်များထဲတွင် နေမိသားစုမှ အလင်းနှစ် ၄၀ သာကွာဝေးသော ကြယ်နီပု ထရာပစ်-၁ ကိုပတ်နေသည့် ဒီ၊ အီး၊ အက်ဖ်၊ ဂျီ ဟုအမည်ပေးထားသော ဂြိုဟ် လေးလုံးမှာ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သည်။

ယခု စာတမ်းကို  ဦးဆောင်ရေးသားသူ  ပါမောက္ခ လီဆာ ကယ်လ်တန်နက်ဂါက “သက်ရှိဆိုတာ ကျွန်မတို့ လက်ရှိစိတ်ကူးထားတာထက် ပိုပြီး  ဘက်စုံဖြစ်တည်နိုင်ခြေများပါတယ်။ ဒါကြောင့် သိပြီးသား ပြင်ပဂြိုဟ် ၆၀၀၀ ထဲကနေ ဘယ်ဂြိုဟ်ပေါ်မှာ သက်ရှိ ရှိနိုင်မလဲဆိုတာကို သက်သေပြဖို့ ဖြစ်နိုင်ခြေများပါတယ်။ ကျွန်မတို့ရဲ့ စာတမ်းက ဘယ်နေရာကိုသွားပြီး သက်ရှိကို ရှာသင့်လဲဆိုတာ ကို ပြသပေးမှာပါ”ဟု ဆိုသည်။

သို့သော် လက်ရှိနည်းပညာဖြင့် ထရာပစ်-၁ ကြယ်မိသားစုသို့သွားလျှင် နှစ်ပေါင်း ရှစ်သိန်းမျှ ကြာနိုင်ကြောင်း နာဆာက တွက်ချက်ပြထားသည်။

Ref: Daily Mail