ရန်ကုန်     မတ်      ၂၂

မြန်မာ ယူ-၁၇ အမျိုးသားလူငယ်လက်ရွေးစင်အသင်းသည် ဧပြီလအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည့် ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၁၇ အသင်းသည် မေလတွင်ယှဉ်ပြိုင်ရမည့် အာရှဖလား ယူ-၁၇ ပြိုင်ပွဲအတွက်  လေ့ကျင့်ပြင်ဆင်နေသည့်အသင်းဖြစ်ပြီး ယင်းပြိုင်ပွဲမတိုင်မီ  အာဆီယံပြိုင်ပွဲယှဉ်ပြိုင်ရမည်ဖြစ်ကာ  အာရှဖလား ပြိုင်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုတစ်ခုဖြစ်လာမည်ဖြစ်သည်။  မြန်မာ ယူ-၁၇   အသင်းသည် ယင်းပြိုင်ပွဲနှစ်ခုအတွက် ၂၀၂၅ နှစ်ကုန်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်ခဲ့ပြီး မတ်လဆန်းတွင် အိန္ဒိယ ယူ-၁၇ အသင်းနှင့် ရန်ကုန်မြို့၌  ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာ ယူ-၁၇ အသင်းသည် ယင်းခြေစမ်းပွဲများတွင် ပုံစံကောင်းရရန် ရုန်းကန် ခဲ့ရသဖြင့်  လာမည့်ပြိုင်ပွဲများတွင် လိုအပ်ချက်၊ အားနည်းချက်များ အချိန်မီပြင်ဆင်နိုင်ရန် လိုအပ်နေသည်။

ယှဉ်ပြိုင်ကစားရမည်ဖြစ်

၂၀၂၆  အာဆီယံ  ယူ-၁၇  ချန်ပီယံရှစ်ပြိုင်ပွဲကို ဧပြီ ၁၂ ရက်မှ ၂၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ တီမော၊  အုပ်စု(B)တွင် ထိုင်း၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ အုပ်စု(C)တွင် သြစတြေးလျ၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့်  ဘရူနိုင်းအသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည်  အုပ်စုပွဲများအဖြစ် ဧပြီ ၁၂ ရက်တွင် လာအိုအသင်း၊ ဧပြီ ၁၅ ရက်တွင် ထိုင်းအသင်း၊ ဧပြီ ၁၈ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-စိုးညွန့်သော်