မတ် ၂၃
တစ်နှစ်အတွင်း အာဖဂန်ဒုက္ခသည် သုံးသန်းကျော်သည် ၎င်းတို့၏ဇာတိမြေသို့ ပြန်လည်ရောက်ရှိလာကြောင်း အာဖဂန်နစ္စတန်နိုင်ငံ၏ဒုက္ခသည်များနှင့် နေရပ်ပြန်ပို့ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
၁၄၀၄ ခုနှစ် (ပါရှန်ပြက္ခဒိန်အရ ၂၀၂၅ ခုနှစ် မတ်လ ၂၀ ရက်နေ့မှ ၂၀၂၆ ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ) တွင် အီရန်၊ ပါကစ္စတန်နှင့် တူရကီနိုင်ငံတို့မှ ဒုက္ခသည် စုစုပေါင်း ၃၁၁၄၁၀၇ ဦးသည် ၎င်းတို့၏နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ၁၄၀၅ ခုနှစ်သည် ၂၀၂၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စတင်ကြောင်း အာဖဂန်နစ္စတန်၏ ရေဒီယိုနှင့် ရုပ်မြင်သံကြား (RTA) က ဖော်ပြခဲ့သည်။
အာဖဂန်အစိုးရသည် နယ်စပ်ဖြတ်ကျော်နေရာများရှိ နေရပ်ပြန်သူများအား ငွေသား လေးဘီလီယံခန့် ထောက်ပံ့ပေးခြင်းနှင့် ယာယီခိုလှုံရာများ ပံ့ပိုးပေးခြင်းအပြင် ၎င်းတို့၏ဇာတိပြည်နယ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း RTA က ဖော်ပြခဲ့သည်။
အာဖဂန်ဒုက္ခသည်ခြောက်သန်းကျော်သည် အိမ်နီးချင်း အီရန်နှင့် ပါကစ္စတန်နိုင်ငံတို့တွင် နေထိုင်နေကြသည်ဟု သတင်းများထွက်ပေါ်နေပြီး အိမ်ရှင်နိုင်ငံများက တရားဝင်စာရွက်စာတမ်းမရှိသော ဒုက္ခသည်များကို ၎င်းတို့၏ဇာတိမြေသို့ ပြန်ရန် တိုက်တွန်းပြောကြားထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


