မတ် ၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cumilla ခရိုင်ရှိ လမ်းဆုံတစ်ခုတွင် ယမန်နေ့အစောပိုင်းက ရထားတစ်စင်းသည် ခရီးသည်တင်ဘတ်စ်ကားတစ်စီးနှင့် တိုက်မိခဲ့ရာ ၁၂ ဦး ထက်မနည်းသေဆုံးပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Sadar South Upazila ရှိ Padua Bazar ဧရိယာ၌ နံနက် ၃ နာရီခန့်တွင် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းနှင့် Chattogram သို့ ဦးတည်သွားနေသော စာပို့ရထားတစ်စင်းသည် ရထားလမ်းကို ဖြတ်ကူးနေသည့် ဘတ်စ်ကားကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ရဲအရာရှိများက ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းသွားရောက်ကာ ဒဏ်ရာရရှိသူများကို Cumilla Medical College ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အာဏာပိုင်များသည် ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ပြီး အကြောင်းရင်းကို ဆုံးဖြတ်ပေးရန် စုံစမ်းစစ်ဆေးရေးကော်မတီများစွာကို ဖွဲ့စည်းထားသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ရထားလမ်းတာဝန်ရှိသူများ၏ ပြောကြားချက်အရ ဒါကာ-Chattogram လမ်းကြောင်းပေါ်ရှိ ရထားဝန်ဆောင်မှုများကို မတော်တဆမှုအပြီးတွင် ယာယီရပ်ဆိုင်းထားခဲ့သော်လည်း ရထားလမ်းများကို ရှင်းလင်းပြီးနောက် ပြန်လည်စတင်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


