ရန်ကုန် မတ် ၂၃

 

ပင်လယ်ပြင်ငါးမျိုးစိတ် လေးပုံတစ်ပုံကျော်၏ နေအိမ်ဖြစ်သော ပင်လယ်ရေအောက် မိုးသစ်တောဟု တင်စားသည့် သန္တာကျောက်တန်းများကို မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်း၌ ထိန်းသိမ်းထားလျက်ရှိရာ ထိုသန္တာကျောက်တန်းများတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစုရှိ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်၏ သန္တာကျောက်တန်းများ ရှင်သန် အားကောင်းလျက်ရှိကြောင်း သိရသည်။

 

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်သည် ကျွန်းငယ်များစွာ ဝန်းရံထားသော ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝသည့် အာဆီယံအမွေအနှစ်ဥယျာဉ်ဖြစ်ပြီး အမြဲစိမ်း သစ်တော၊ ကမ်းခြေသစ်တော၊ ဒီရေတော၊ ပင်လယ်မြက်ခင်းများ၊ သဲသောင်သစ်တော၊ ကုန်းနေရေနေသတ္တဝါများ၊ ရှားပါးမျိုးစိတ်များနှင့် လှပသည့်သန္တာ ကျောက်တန်းများဖြင့် ဖွဲ့စည်းထားသော အဏ္ဏဝါဥယျာဉ်ကြီးဖြစ်သည်။ အထူးသဖြင့် မြန်မာ့ပင်လယ် ကမ်းရိုးတန်း၌ ရှင်သန်ဖွံ့ဖြိုးလျက်ရှိသည့် သန္တာကျောက်တန်းအများစု တည်ရှိရာနေရာဖြစ်သည်။

 

သန္တာကျောက်တန်းများသည် ပင်လယ်ပြင် ဇီဝမျိုးစိတ်များ ရေရှည်ရှင်သန်မှုကို ပံ့ပိုးပေးလျက်ရှိပြီး ကယ်လ်စီယမ်ကာဗွန်နိတ် အရိုးစုများဖြင့် ဖွဲ့စည်းထားသော သေးငယ်သည့် သန္တာကောင်(polyps) အမြောက်အမြားစုပေါင်း၍ ကျောက်ဆောင်၊ ကျောက်တန်းကဲ့သို့ သွင်ပြင်လက္ခဏာဖြစ်ပေါ်လာရာ ကျွန်းတန်းများဖြစ်သည်။ ရေအောက်ဂေဟစနစ်နှင့် ဇီဝမျိုးစိတ်များ ကြွယ်ဝစေသည့် သန္တာကျောက်တန်းများသည် ပင်လယ်ပြင်ရေသတ္တဝါဖွံ့ဖြိုးမှုကို အထောက်အပံ့ပြုလျက်ရှိသည်။

 

သန္တာဂေဟစနစ်ကို တည်ဆောက်ထားနိုင်ပြီဆိုရင် ပင်လယ်ပြင်ရဲ့ရေသတ္တဝါတည်ရှိမှုကို ရှင်သန်စေပြီး ငါးမျိုးစိတ်တွေပေါက်ပွားဖို့၊ သူတို့တွေရဲ့ အစာကွင်းဆက်အဖြစ် အသက်ရှင်ရပ်တည်ဖို့ အကောင်းဆုံး နေရာတွေဖြစ်ပါတယ်။ လန်ပိအဏ္ဏဝါအမျိုးသား ဥယျာဉ်ရဲ့ရေပြင် နှစ်မိုင်ကို ကာကွယ်ထားတာကြောင့် ကျွန်းပတ်ပတ်လည်က သန္တာကျောက်တန်းတွေ ရှင်သန်နေတယ်လို့ ပြောရမှာပါ။ အထိအခိုက်နည်းတဲ့ သဘောလည်းပါပါတယ်။ ကျွန်းပတ်ဝန်းကျင်မှာ သန္တာကျောက်တန်း အမာနဲ့အပျော့ဆိုပြီး နှစ်မျိုးလုံး ရှိနေပါတယ်။ သန္တာကျောက်တန်းကို ပြန်လည်ဖွံ့ဖြိုးအောင် ဆောင်ရွက်ရာမှာ ငွေကုန်ကျမှုမြင့်မားတာကြောင့် လက်ရှိမှာမပျက်စီးအောင် ထိန်းသိမ်းကာကွယ်သွားတာဟာ အကောင်းဆုံးပါ။ လူတွေနဲ့နီးတဲ့ သန္တာကျောက်တန်းတွေဟာ ပိုပြီးထိခိုက် လွယ်တဲ့အတွက် လူ၊ စက်လှေ ဝင်ရောက်မှုမရှိအောင် ထိန်းသိမ်းပါတယ်။ လက်ရှိ လန်ပိအဏ္ဏဝါကျွန်းက သန္တာကျောက်တန်းတွေ အားကောင်းနေပါတယ်ဟု လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။

 

ပင်လယ်ပြင်ပူနွေးလာခြင်း၊ သမုဒ္ဒရာဓာတုဗေဒ ပြောင်းလဲခြင်း၊ သဘာဝဘေးဒဏ်ခံရခြင်း၊ သန္တာကျောက်တန်းများ၌ ငါး/ပုစွန်ဖမ်းဆီးခြင်း၊ ပင်လယ်ရေညစ်ညမ်းမှုတို့ကြောင့် သန္တာကျောက်တန်းများ ထိခိုက်ပျက်စီးနိုင်ပြီး သန္တာကျောက်တန်းများ ရှင်သန်ဖွံ့ဖြိုးမှုသည် ရေသယံဇာတကြွယ်ဝခြင်း၊ ပင်လယ်ရေစီးကြောင်းဒဏ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ မုန်တိုင်းဒဏ်နှင့် လေလှိုင်းဒဏ်တို့ကို လျှော့ချပေးနိုင်သည့် ရေအောက်တံတိုင်းကြီးဖြစ်သည်။ အဏ္ဏဝါဂေဟစနစ် သန့်ရှင်းမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်မှုကို ထောက်ပံ့ပေးနေသည့် သန္တာကျောက်တန်းများ၏ ထုထည်ပမာဏသည် ကမ္ဘာ့ရေထု၏ တစ်ရာခိုင်နှုန်းခန့်သာရှိသော်လည်း ပင်လယ်သမုဒ္ဒရာ အတွင်းရှိ ရေသတ္တဝါ ၂၅ ရာခိုင်နှုန်းခန့်သည် သန္တာ ကျောက်တန်းများပေါ်တွင် အသက်ရှင်ရပ်တည် လျက်ရှိသည်။

 

လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်တွင်ရှိသည့် သန္တာကျောက်တန်းများသည် အခြားသော ပင်လယ်ကမ်းရိုးတန်းရှိ သန္တာကျောက်တန်းများထက် ထိခိုက်မှုနည်းပါးပြီး ရေအောက်သန္တာကျောက်တန်းများ လှပခြင်းနှင့် ရေသတ္တဝါ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝမှုတို့ကြောင့် ခရီးသွားလုပ်ငန်းကိုလည်း အထောက်အပံ့ပြုလျက်ရှိသည်။

သတင်း- ဥဿ

ဓာတ်ပုံ - ကိုလွင်