ရန်ကုန် မတ် ၂၃

 

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၏ (၅၉)ကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲ ဆုရဓာတ်ပုံအနုပညာ လက်ရာများပြပွဲနှင့် ဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ Junction City Shopping Mall ရှိ Promotion Area တွင် ကျင်းပသည်။

 

ဦးစွာ မြန်မာနိုင်ငံဓာတ်ပုံအသင်း နာယကကြီးများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များက ပြပွဲကိုဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြန်မာနိုင်ငံဓာတ်ပုံအသင်း နာယက ထပ်ဆင့်အကယ်ဒမီ တစ်သက်တာ အကယ်ဒမီဆုရှင် ဒါရိုက်တာပန်းချီစိုးမိုးက ဂုဏ်ပြုစကားပြောကြားပြီး ဥက္ကဋ္ဌ ဦးသန်းထွန်းဦး(တက်နေဝင်း)က ပြပွဲ၊ ပြိုင်ပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ အသင်းနာယကများ၊ ဥက္ကဋ္ဌနှင့် အမှုဆောင်များက ဆုရဓာတ်ပုံများ၊ သုံးလပတ်ပြိုင်ပွဲ၊ သင်တန်းသားပြိုင်ပွဲများ၏ ဆုရဓာတ်ပုံလက်ရာများကို ကြည့်ရှုအားပေးကြသည်။

 

ထို့ပြင် ပြပွဲနှင့်အတူ ဓာတ်ပုံပညာဆိုင်ရာ ဟောပြောပွဲများကို မတ်၂၃ ရက်မှ ၂၅ ရက်အထိ မွန်းလွဲ ၂ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ပြီး စိတ်ဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်နိုင်ကြောင်း သိရသည်။

အာကာ