တောင်ကြီး မတ် ၂၃

 

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် တာဝန်ရှိသူများနှင့်အတူ မတ် ၂၃ ရက် နံနက်ပိုင်းက ရွှေညောင်-ရပ်စောက် လမ်းမိုင်တိုင်အမှတ် (၁၀/၆) နှင့်(၁၁/၁)ကြား လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ရပ်စောက် - ရွှေညောင်လမ်း မိုင်တိုင် အမှတ်(၁၀/၆)နှင့် (၁၁/၁)ကြားတို့တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးရေးအတွက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီ ပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရွှေညောင်-ညောင်ရွှေလမ်း မိုင်တိုင် အမှတ် (၃/၃.၅)နှင့် (၄/၂) ကြားတို့တွင် လမ်းအနိမ့်အမြင့် မြေညှိ၍ ရေပိတ်လွှာလောင်းခြင်း၊ လမ်းပခုံးမြှင့်တင်ခြင်း၊ ကတ္တရာလမ်းခင်းခြင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)