ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံးလျက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအား ၎င်းဒေသကမ်းရိုးတန်းနှင့် အဏ္ဏဝါ ဂေဟစနစ်များ၊ သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာစေရန်နှင့် အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေ တည်ထောင်မှုကို မြှင့်တင်နိုင်စေရန် ရည်ရွယ်၍ မူလ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ဧရိယာ ၂၁၇ ဒသမ ၆ ဧကအား ရေပြင် ၁၁၈၉၇ ဧက တိုးချဲ့၍ စုစုပေါင်း ၁၂၁၁၄ ဒသမ ၆၀ ဧကဖြင့် “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ် အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ် (၁၈/ ၂၀၂၆)အရ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ရက်) မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။

 

သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးမြို့နယ်ခွဲသမိုင်းဝင် မော်တင်စွန်းဘုရားမှ ရေမိုင်ခြောက်မိုင်အကွာ၊ ဘင်္ဂလားပင်လယ်အော် (Bay of Bengal)နှင့် အက်ဒမန်ပင်လယ် (Andaman Sea) တို့၏ ရေကြောင်းများဆုံရာအနီး ငဝန်မြစ် (ပုသိမ်မြစ်ဝ)၌ တည်ရှိပါသည်။ မြေမျက်နှာသွင်ပြင် ပြန့်ပြူးပြီး ပင်လယ်ရေမျက်နှာပြင်အထက် ရှစ်ပေမှ ၁၁ ပေ အတွင်း၌တည်ရှိပါသည်။ ရှေးယခင် ဗြိတိသျှအစိုးရ လက်ထက်က ကျွန်း၏ပုံသဏ္ဌာန်နှင့် သဲသောင်များ၏တောက်ပမှုကို အစွဲပြု၍ Diamond Island “စိန်ကျွန်း ဟူ၍ လည်းကောင်း၊ ထို့နောက် ပင်လယ်လိပ်များကို စီမံချက်ဖြင့် ထိန်းသိမ်းမွေးမြူခဲ့သဖြင့် “လိပ်ကျွန်း ဟူ၍ လည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ရှားပါးပင်လယ်လိပ်များနှင့် ၎င်းတို့ ဥချသားပေါက်ရာဒေသများ၊ ကျွန်းပေါ်ရှိ ဂေဟစနစ်များအား ဥပဒေအရ အပြည့်အဝထိန်းသိမ်း ကာကွယ်နိုင်ရန်အလို့ငှာ (၁၂-၁၀-၁၉၇၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂၈၉)ဖြင့် “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။

 

သမီးလှကျွန်းသည် ကြည်လင်သော ပင်လယ်ပြင်အတွင်း စိမ်းလန်းသောကျွန်းနှင့် ဖြူဖွေးသန့်ရှင်းသော သဲသောင်ပြင်များကြောင့် ထင်ရှားသည့်အပြင် ကမ္ဘာ့ရှားပါးစာရင်းဝင်နှင့် ကျန်ပင်လယ်လိပ်များ တစ်နှစ်ပတ်လုံး လာရောက်ဥချသည့် မြန်မာ့တစ်နေရာတည်းသော ကျွန်းအဖြစ် ထင်ရှားပါသည်။ သမီးလှကျွန်း၌ ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုးအစားများတွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟစနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက် ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခရာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိချောင်းနွယ် အပင်များ ပေါက်ရောက်ပါသည်။ တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကမ္ဘာ့ ရှားပါး ပင်လယ်လိပ်မျိုးများဖြစ်သည့် ပြင်သာလိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင်တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်ပြီး လင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ကဏန်းနှင့် ငါးမျိုးစိတ်များ ရှင်သန် ကျက်စားရာနေရာ ဖြစ်သကဲ့သို့ ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဘွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး ၊ စွန်၊ ဆက်ရက်၊ ပိန်ညင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို ကဲ့သို့သော ကုန်းနေနှင့် ငှက်မျိုးစိတ်များအတွက် နားခိုကျက်စားရာ နေရာဒေသ တစ်ခုလည်းဖြစ်ပါသည်။

 

အကျိုးကျေးဇူးများ ရရှိစေမည်

သမီးလှကျွန်း အဏ္ဏဝါ အမျိုးသားဥယျာဉ် အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါ အမျိုးသားဥယျာဉ် သဘာဝ ထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည်ဖြစ်ပြီး ၎င်းဒေသရှိ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်ခြင်း၊ သန္တာကျောက်တန်းများအား ရေရှည်တည်တံ့တိုးပွားစေကာ အဏ္ဏဝါမျိုးစိတ်များ၏ ရှင်သန်သားပေါက်ရာ နေရာအဖြစ် ထိန်းသိမ်းနိုင်ပြီး ရေပေါ်ရေအောက် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေမည်ဖြစ်ခြင်း၊ ပင်လယ်လိပ် မျိုးစိတ်များ၏ သားပေါက်ရာ နေရာများ ထိန်းသိမ်းနိုင်မည်ဖြစ် သကဲ့သို့ သမိုင်းဝင်မြတ်မော်တင်စွန်း ဘုရားနှင့် နီးကပ်စွာတည်ရှိသဖြင့် ဘုရားဖူးလာသော အများပြည်သူများ အပန်းဖြေလေ့လာနိုင်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်သဖြင့် သဘာဝကို အခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် အဏ္ဏဝါမျိုးစိတ်များ သုတေသနပြု လေ့လာနိုင်သည့် အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန