ရန်ကုန် မတ် ၂၃

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကျင်းပသည့် AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း)မြို့နယ်၌ ပြုလုပ်သည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက အမှာစကားပြောကြားရာတွင် ပြည်သူများ အသိပညာ အတွေးအခေါ်မြင့်မားရေး အထောက် အကူဖြစ်စေသည့် ရပ်ကွက်/ ကျေးရွာ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် အစိုးရ၊ အဆင့်ဆင့်သော စာကြည့်တိုက်ကြီးကြပ်ရေး ကော်မတီများ၊ စာကြည့်တိုက်မှူးများနှင့် ပြည်သူများက ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယခုသင်တန်းသို့  တက်ရောက်မည့် သင်တန်းသား စာကြည့်တိုက်မှူးများအနေဖြင့် သင်တန်းတက်ရောက်သည့် ကာလတွင် သင်တန်းကပို့ချသည့် AI နည်းပညာနှင့် ဆက်စပ်ပြီး စာကြည့်တိုက်ပညာရပ်များကို ကြိုးစားသင်ယူပြီး မိမိတို့ စာကြည့်တိုက်များတွင် ပြန်လည်အသုံးချကာ မိမိဒေသက ပြည်သူများ အထူးသဖြင့် လူငယ်များ စာဖတ်ရှိန်မြင့်မားလာရေးအတွက် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်ဦးက သင်တန်း ဖွင့်လှစ်သင်ကြားမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယနေ့ ကျင်းပသော AI နည်းပညာနှင့် စာကြည့်တိုက်သင်တန်းဖွင့်ပွဲသို့ သင်တန်းသား သင်တန်းသူ ၅၀ တက်ရောက်ကြပြီး သင်တန်း ကာလမှာ မတ် ၂၃ ရက်မှ ၂၆ ရက်အထိ ဖြစ်ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)