မနီလာ    မတ်     ၂၃

အနောက်ပစိဖိတ်ဒေသတွင်  တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အနောက်ပစိဖိတ်ဒေသဆိုင်ရာရုံးက မတ် ၂၂  ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ သိရသည်။

တီဘီရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရန်နှင့် ရောဂါတိုက်ဖျက်ရေးဆောင်ရွက်ရာတွင် တီထွင်ဆန်းသစ်မှုများ ပေါင်းစပ်ဖြည့်စွက်ကာ ဒေသခံများအတွက် တီဘီရောဂါကင်းစင်သည့် လူမှုပတ်ဝန်းကျင်တစ်ခုဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့  အနောက်ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး မာယူပီကာလာက ပြောကြား သည်။

အခြေခံကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဖြစ်သည့် တီဘီရောဂါရှာဖွေကုသရေး၊  ကုသမှုပိုင်းတွင်   နှောင့်နှေးမှုမဖြစ်စေရေးနှင့် ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ပြီး ဝေဒနာရှင်အားလုံး ကုသခွင့်ရရှိရေးအတွက် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက  ပြောကြားသည်။ ၂၀၂၄ ခုနှစ်တွင် အနောက်ပစိဖိတ်ဒေသ၌ တီဘီရောဂါဝေဒနာရှင် ၂ ဒသမ ၉ သန်းရှိကြောင်း သိရသည်။ ဆေးလိပ်သောက်သုံးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ယမကာသောက်သုံးမှုနှင့် ဆီးချိုရောဂါဖြစ်ပွားခြင်း စသည့်အချက်များသည် ရောဂါကုသရာတွင် အဟန့်အတားဖြစ်စေသည့်အချက်များဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောကြားသည်။

ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခြင်းဖြင့် ဒေသခံများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများမြင့်တက်လာမည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ