ဗန်ကောက်     မတ်     ၂၃

ထိုင်းနိုင်ငံအတွင်း ၁၀၃ ရက်ကြာကာလအထိ သုံးစွဲနိုင်မည့်  အရန်လောင်စာဆီ အလုံအလောက်ရှိကြောင်းနှင့် လောင်စာဆီဈေးကွက်အတွင်း ပွင့်လင်းမြင်သာမှုရှိစေရေးနည်းလမ်းများ ချမှတ်နေကြောင်း  ထိုင်းအစိုးရက အတည်ပြုပြောကြားသည်။

ထိုင်းနိုင်ငံသည်  ရက်ပေါင်း ၁၀၃ ရက်ကြာသုံးစွဲနိုင်မည့် အရန်လောင်စာဆီများ သိုလှောင်ထားကြောင်း စွမ်းအင်လုပ်ငန်းဌာန  ညွှန်ကြားရေးမှူးချုပ်   ဆာရာဝပ် ကီတာတစ်က ပြောကြားသည်။

နိုင်ငံအတွင်း တစ်နေ့လျှင် ဓာတ်ဆီထုတ်လုပ်မှုပမာဏ လီတာ ၃၅ ဒသမ ၂၈ သန်းရှိပြီး ၎င်းပမာဏသည် တစ်နေ့တာသုံးစွဲသည့်ပမာဏ လီတာ ၃၄ ဒသမ ၄၁ သန်းအတွက် ဖူလုံမှုရှိကာ တစ်နေ့လျှင် ဒီဇယ်ထုတ်လုပ်မှုပမာဏ လီတာ ၇၉ ဒသမ ၉၁ သန်းနှင့် သုံးစွဲမှုပမာဏ လီတာသန်း ၇၀ ရှိသော ကြောင့်  အဆင်ပြေမှုရှိကြောင်း ၎င်းက ပြောကြားသည်။ နိုင်ငံအတွင်းလောင်စာဆီသုံးစွဲမှု များပြားသည့် ဒေသအချို့တွင်  လောင်စာဆီ ၂၄ နာရီရောင်းချသည့်   ဆိုင်များကို   ဖွင့်လှစ်ထားခြင်းကြောင့် လောင်စာဆီအတွက် အခက်အခဲမရှိကြောင်း ၎င်းကဖြည့်စွက်ပြောကြားသည်။

နိုင်ငံအတွင်း  လောင်စာဆီဈေးနှုန်း ဈေးကစားခြင်းများကိုလည်း အရေးယူဆောင်ရွက်နေကြောင်း  ကုန်သွယ်ရေးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်  ယာနီဆရီမန်နိက ပြောကြားသည်။ လောင်စာဆီ ဈေးကစားမှုများနှင့်ပတ်သက်၍  နိုင်ငံတစ်ဝန်း စစ်ဆေးမှု ၂၃၂၁ ကြိမ်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စွမ်းအင်လုပ်ငန်းဌာနသည် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်း၍ နိုင်ငံသားများအား လောင်စာဆီအခြေအနေနှင့်ပတ်သက်၍ သိရှိနိုင်ရန် ပန့်ရေဒါအက်ပလီကေးရှင်းအမည်ရှိ အက်ပလီကေးရှင်းတစ်ခုထူထောင်ရန် ဆောင်ရွက်နေသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ