ကိုယဉ်ချစ် (မန္တလေး)

လူတို့၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရန်မှာ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့်ကဏ္ဍများ ကောင်းမွန်နေရန် လိုအပ်ပါသည်။ ထိုကဏ္ဍများထဲမှ စီးပွားရေးကဏ္ဍသည် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်ပါသည်။

နိုင်ငံတိုင်း၊ ဒေသတိုင်းတွင် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေမှသာ ပြည်သူ အားလုံး၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ပြည့်စုံကောင်းမွန်နိုင်ပါမည်။ ကဏ္ဍ အားလုံးမှာ တစ်ခုနှင့်တစ်ခုဆက်စပ်နေပြီး စီးပွားရေးကဏ္ဍ တိုးတက်အောင်မြင်ရေးက ပို၍အရေး ကြီးပါသည်။ ထို့ကြောင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ကြရပါ သည်။ မိမိတို့နိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတိုရေရှည်စီမံကိန်း၊ စီမံချက်များ ရေးဆွဲ ချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၏ အပိုဒ် ၃၅ တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်။ အပိုဒ် ၃၆၊ အပိုဒ်ခွဲ (ဂ)တွင် အများပြည်သူတို့၏ နေထိုင်မှုအဆင့်အတန်း မြှင့်တင်ရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက် ဖွံ့ဖြိုးရေးတို့ကို ရှေးရှုဆောင်ရွက်မည်ဟု ပြဋ္ဌာန်းထားပါသည်။ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်အစိုးရက နိုင်ငံသူ နိုင်ငံသားတို့၏ နေထိုင်မှုအဆင့်အတန်း မြင့်မားရေးနှင့် အထွေထွေအရင်းအနှီးများ တိုးတက်ဖွံ့ဖြိုးရေးကို ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသည်။

သဘာဝသယံဇာတ အရင်းအမြစ်များစွာပိုင်ဆိုင်ထား

မြန်မာနိုင်ငံ၌ သဘာဝကပေးအပ်ထားသည့် သဘာဝသယံဇာတ အရင်းအမြစ်များစွာပိုင်ဆိုင်ထား ပါသည်။ ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း၊ စစ်တောင်းမြစ်ကြီးများနှင့် မြစ်လက်တက်များ၊ ချောင်းကြီး၊ ချောင်းငယ်များစွာတို့မှ သောက်သုံးရေ၊ စိုက်ပျိုးရေ များရရှိပါသည်။ မြစ်ဝှမ်းလွင်ပြင်များ၊ နုန်းတင်မြေနု ကျွန်းများ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် မြေပြန့်လွင်ပြင်များစွာကိုလည်း ပိုင်ဆိုင်ထားပါသည်။

အလားတူ ရိုးမတောင်တန်းကြီးများ၊ ကုန်းမြင့်ဒေသများတွင် အဖိုးတန် ကျွန်း၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း စသည့်အဖိုးတန်သစ်တော၊ ဝါးတောကြီးများရှိပါသည်။ သဘာဝတွင်းထွက်သတ္တုများနှင့် အဖိုးတန်ကျောက်မျက်ရတနာများ ပေါကြွယ်ဝပါသည်။ နိုင်ငံတော်၏ ပိုင်နက်နယ်နိမိတ်အတွင်း ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်း၊ ပင်လယ်၊ သမုဒ္ဒရာကြီးများမှ ရေထွက်ပစ္စည်းများကို ထုတ်ယူ သုံးစွဲနိုင်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံတော်သည် လယ်ယာ၊ သစ်တော၊ သားငါး၊ သတ္တုကဏ္ဍ အရင်း အမြစ်များစွာကို ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေပြည်သူများဖြစ်ကြပြီး လူဦးရေ၏ ၄၅ ဒသမ ၃ ရာခိုင်နှုန်းသည် လယ်ယာ၊ သားငါး၊ သစ်တောများနှင့်နှီးနွှယ်သည့် လုပ်ငန်းများကို လုပ်ကိုင်နေကြပါသည်။ နိုင်ငံတော်၏ ပြည်တွင်းထုတ်လုပ်မှု အသားတင်တန်ဖိုး၏ ၃၃ ရာခိုင်နှုန်းနှင့် ပြည်ပပို့ကုန်များ၏ ၂၆ ရာခိုင်နှုန်းသည် လယ်ယာကဏ္ဍမှရရှိပါသည်။

နိုင်ငံတော်က ပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို ခေတ်မီနည်းပညာများဖြင့်ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ပါက ယခုထက် ပိုမိုတိုးတက်အောင်မြင်မှုများ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် ဝင်ငွေတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိလာခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ပြုန်းတီးမှုများမှ ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကိုပါ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်နေကြသည့် အချို့သော တောင်သူလယ်သမား များက မိရိုးဖလာစိုက်ပျိုးရေးနည်းလမ်းများကို မစွန့်လွှတ်နိုင်သေးဘဲ သမားရိုးကျနည်းစနစ်များကို သာ အသုံးပြုနေကြဆဲဖြစ်ပါသည်။ မိမိတို့လယ်ယာ ထွက်ကုန်သီးနှံများကို တိုက်ရိုက်ထုတ်လုပ်ရောင်းချ နေကြဆဲဖြစ်ပါသည်။ လယ်ယာသားငါး ထွက်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် ပြုပြင်စီမံ၍ ကုန်ချောထုတ်လုပ်ရန် စိတ်ဝင်စားမှုအားနည်းနေကြသည်။ အလွယ်တကူငွေပေါ်မည့် ကုန်ကြမ်းထုတ်လုပ်သည့်အဆင့်၌သာ တင်းတိမ်ရောင့်ရဲ နေကြဆဲဖြစ်ပါသည်။

ထုတ်ကုန်များကို ခေတ်မီနည်းပညာများဖြင့်ပေါင်းစပ်၍ အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရန် အားနည်းနေခြင်း၊ လက်ရှိအခြေအနေ အပေါ်၌သာ ကျေနပ်နေကြခြင်းကြောင့် လယ်ယာ သားငါးကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှု အားနည်းနေပြီး ခေတ်နောက်ကျနေပါသည်။

ပြည်သူအများစုမှာလည်း ပြည်ပမှ ခေတ်မီ ထုတ်ကုန်များအပေါ် မှီခိုအားထားမှုများနေကြခြင်း ကြောင့် နိုင်ငံခြားသုံးငွေများစွာ ပြင်ပသို့စီးဆင်းနေပါသည်။ ဤအခြေအနေသည် လူဦးရေနည်းပါးစဉ်က မသိသာသော်လည်း တိုးတက်လာသည့် လူဦးရေ အချိုးအစားများအရ စီးပွားရေးကျပ်တည်းမှုများကို မလိုလားအပ်ဘဲ ရင်ဆိုင်လာရမည်ဖြစ်ပါသည်။

လူဦးရေတိုးတက်ပြောင်းလဲလာမှု

မြန်မာနိုင်ငံ၏ လူဦးရေတိုးတက်ပြောင်းလဲလာမှုများကို လေ့လာကြည့်ပါက ၁၈၉၁ ခုနှစ်တွင် ၇ ဒသမ ၇ သန်း၊ ၁၉၀၁ ခုနှစ်တွင် ၁၀ ဒသမ ၅ သန်း၊ ၁၉၂၁ ခုနှစ်တွင် ၁၃ ဒသမ ၂ သန်း၊ ၁၉၇၃ ခုနှစ် တွင်၂၈ ဒသမ ၉ သန်း၊ ၁၉၈၃ ခုနှစ်တွင် ၃၅ ဒသမ ၃ သန်းအထိ တိုးမြင့်လာပြီး ၂၀၁၄ ခုနှစ်တွင် ၅၁ ဒသမ ၅ သန်း ရှိလာခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် ခန့်မှန်း တွက်ချက်မှုများအပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၃ သန်းကျော်ဖြစ်သည့်အတွက် လွန်ခဲ့သည့် ၁၀ နှစ်ကထက် အနည်းငယ်လျော့နည်းနေသည်ဟု သိရပါသည်။

ယေဘုယျအားဖြင့် ၁၀ နှစ်တစ်ကြိမ် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများအရ လူဦးရေတိုးတက် လာသော်လည်း တိုးတက်လာသည့် လူဦးရေနှင့် ကုန်ထုတ်လုပ်မှု အချိုးအစားမမျှခြင်း၊ ထုတ်ကုန် တိုးတက်မှုအားနည်းပြီး ကုန်ကြမ်းအဆင့်ထုတ်လုပ်မှုအပေါ်သာ အားစိုက်နေခြင်းများနှင့် ဆက်စပ်ကာ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းများ ဖြစ်ပေါ်နေရခြင်းဖြစ်ပါသည်။

သို့ဖြစ်ရာ နိုင်ငံတော်၏ အခြေခံစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ထွက်ကုန်များကို မိရိုးဖလာအဆင့်မှ ခေတ်မီအဆင့်မြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်ရန် လိုအပ်ပါသည်။ သို့မှသာ လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အသီး အပွင့်များကို လုပ်သလောက်အကျိုးခံစားနိုင်မည် ဖြစ်ပါသည်။

လယ်ယာထွက်ကုန်များ တိုးတက်လာစေရန် မြေယာပြုပြင်ခြင်းများကို စနစ်တကျဆောင်ရွက် ခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကိုအချိုးကျ ပေါင်းစပ်သုံးစွဲခြင်း၊ စိုက်ပျိုးရေ၊ အောင်ရေ ရရှိရေးကို အလေးထားဆောင်ရွက်ခြင်း၊ တစ်သီးစိုက် လယ်မြေများကို သီးထပ်စိုက်ပျိုးနိုင်ရန် ပြောင်းလဲဆောင်ရွက်ခြင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အလေအလွင့်နည်းပါးအောင် ဆောင်ရွက်ခြင်း၊ ဒေသနှင့်ကိုက်ညီသည့် သီးနှံများကို ဇုန်များခွဲ၍ စိုက်ပျိုးခြင်းများကို ဆောင်ရွက်ကြရပါမည်။

အဓိကစိုက်ပျိုးရေးထွက်ကုန်ဖြစ်သည့် စပါးအထွက်နှုန်းကောင်းမွန်ရေးနှင့် ပြည်တွင်း ပြည်ပ ဈေးကွက်ဝင် ဝယ်လိုအားကောင်းမည့် အရည်အသွေးကောင်းမျိုးများကို စိုက်ပျိုးရပါမည်။ စိုက်ပျိုး ရေးထွက်ကုန်များ တိုးတက်လာစေရန် မျိုး၊ မြေ၊ ရေ၊ နည်းဆိုသည့် နည်းလမ်းလေးသွယ်ကို စနစ် တကျ အသုံးချစိုက်ပျိုးကြရပါမည်။ ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များရွေးချယ်မှု၊ မြေယာပြုပြင်မှု၊ ရေစီမံခန့်ခွဲမှု၊ မြေဆီလွှာစီမံခန့်ခွဲမှု၊ ပိုးမွှားအန္တရာယ် ကာကွယ်မှု၊ ရိတ်သိမ်းခြွေလှေ့မှု၊ အခြောက်ခံမှု၊ သိုလှောင်မှုနည်းစနစ်များကို စနစ်တကျလုပ်ဆောင် သွားကြရမည်ဖြစ်ပါသည်။

ဒုတိယ လယ်ယာထွက်ကုန်ဖြစ်သည့် စားသုံးဆီ များကို ပြည်ပနိုင်ငံများမှ တင်သွင်းနေရဆဲဖြစ်၍ နိုင်ငံခြားငွေသုံးစွဲရခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းများဖြစ်ပေါ်လျက်ရှိပါသည်။ ပြည်တွင်း၌ စိုက်ပျိုး ထုတ်လုပ်သည့် ဆီထွက်သီးနှံများကို တိုးချဲ့ထုတ် လုပ်နိုင်ပါက ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးနိုင် မည့်အပြင် ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင် ကြမည်ဖြစ်ပါသည်။ စားသုံးဆီကုန်ကြမ်းများဖြစ် သည့် မြေပဲ၊ နှမ်း၊ နေကြာ စသည်တို့ကို ပန်းတိုင် အထွက်နှုန်းရရှိအောင် စိုက်ပျိုးထုတ်လုပ်ရန်လည်း လိုအပ်ပါသည်။

အခြားစိုက်ပျိုးသီးနှံများဖြစ်ကြသည့် ဂျုံ၊ ပြောင်း၊ ကြံ၊ ပဲမျိုးစုံ၊ ကော်ဖီ၊ ဂုန်လျှော်၊ ငရုတ်ကောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကိုလည်း မြေလွတ်မကျန်အောင် စိုက်ပျိုးကြရပါမည်။ ကော်ဖီ သည် ပြည်ပဈေးကွက်ဝင်သီးနှံတစ်မျိုးဖြစ်ရာ ယခင်က ကုန်းမြင့်ကော်ဖီများကိုသာ စိုက်ပျိုးကြပါ သည်။ ယခုအခါ မြေနိမ့်ကော်ဖီ အမျိုးအစားဖြစ်သည့် ရိုဘက်စတာကော်ဖီမျိုးများကို မြေပြန့်ဒေသများတွင် စိုက်ပျိုးထုတ်လုပ်နိုင်ပါက ပြည်တွင်းသုံးစွဲမှုအပြင် ပြည်ပပို့ကုန်အဖြစ်ပါ ထုတ်လုပ်ရောင်းချနိုင်မည် ဖြစ်ပါသည်။ ရိုဘက်စတာကော်ဖီမျိုးများကို မြေပြန့် ဒေသများတွင် စိုက်ပျိုးထားသည့် နှစ်ရှည်သီးနှံပင် များဖြစ်ကြသည့် သရက်၊ ရော်ဘာ၊ ကွမ်းသီး၊ ဒူးရင်း ခြံများတွင် သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ပါက ဝင်ငွေများ တိုးတက်ရရှိလာနိုင်မည်ဖြစ်ပါသည်။

ပြည်တွင်းအထည်အလိပ်များကို အရည်အသွေးပြည့်မီအောင်ထုတ်လုပ်

အများစုက ပြည်ပအထည်များကို ဝယ်ယူဝတ်ဆင်နေကြပါသည်။ ပြည်တွင်းမှထွက်ရှိသည့် ဝါကုန်ကြမ်းများသည် ပြည်တွင်းသုံးစွဲမှု လုံလောက်သည့်အနေအထားတွင်ရှိသဖြင့် ပြည်ပမှ တင်သွင်း သည့်အထည်များကို လျှော့ချနိုင်ရန် ပြည်တွင်း အထည်အလိပ်များကို အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ရပါမည်။ နိုင်ငံတော်က ဝါသီးနှံအထူးဇုန် များသတ်မှတ်၍ တစ်ဧကလျှင် ပိဿာ ၇၀၀ ထွက် ရှိရေး၊ အရည်အသွေးကောင်းမွန်သည့် ဝါနှင့် ဂွမ်းများထွက်ရှိရေးကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်တွင်းထွက် ဝါကုန်ကြမ်းများကို အသုံးပြု၍ အဆင့်မီချည်ထည်များ ထုတ်လုပ်နိုင်ရန် ဝါကြိတ် စက်များ၊ ချည်မျှင်နှင့် အထည်စက်ရုံများ အဆင့်မြှင့်တင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

မွေးမြူရေးကဏ္ဍတွင်လည်း စိုက်ပျိုးရေး လုပ်ငန်းများနှင့် တွဲဖက်လုပ်ကိုင်ခြင်း၊သီးခြားမွေးမြူ ရေးဇုန်များထူထောင်ခြင်း၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူခြင်း၊ အစာနှင့်ရေကို စနစ်တကျ တိုက်ကျွေးခြင်း၊ ခေတ်မီမွေးမြူရေးနည်းစနစ်များ ကိုလေ့လာ၍ လက်တွေ့အကောင်အထည်ဖော် ကြရပါမည်။

ပင်လယ်ထွက်ကုန်များကိုလည်း ပြည်တွင်း စားသုံးမှုအပြင် ပြည်ပသို့တင်ပို့နိုင်ရန် အဆင့်မြင့် ထုပ်ပိုးမှုပုံစံများဖြင့် ထုတ်လုပ်ရောင်းချခြင်းကြောင့် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိလာစေမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံသည် ရေသယံဇာတပေါကြွယ်ဝ သည့်နိုင်ငံဖြစ်ခြင်းကြောင့် ပင်လယ်ထွက်ကုန်များကို အဆင့်မြှင့်တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်၌ တွင်ကျယ်သည့် ထုတ်ကုန်တစ်ခုအဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏စီးပွားရေး အခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မူဝါဒနှင့်အညီ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက် ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ထူထောင်ဆောင်ရွက်ပေးထားပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် စိုက်ပျိုးရေးနှင့် မွေးမြူ ရေးဖွံ့ဖြိုးရေးကော်မရှင်ကိုဖွဲ့စည်း၍ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းထုတ်ကုန်အားပေးရေး၊ သွင်းကုန်အစားထိုး ရေးနှင့် ပို့ကုန်ရရှိရေး ရည်ရွယ်ချက်များဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်ပေး ခဲ့ပါသည်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့ရာ ထုတ်ကုန်အများစုကို အဆင့်မီစွာ ထုတ်လုပ်လာနိုင်သည်ကို မြင်တွေ့ရပါသည်။ ထိုပြပွဲများမှတစ်ဆင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်း များ ပူးပေါင်းဆောင်ရွက်မှုတိုးပွားလာပါက ဒေသတစ်ခု၏ လိုအပ်ချက်ကို အခြားဒေသတစ်ခုက ဖြည့်ဆည်းလာနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် အားနည်းချက်၊ အားသာချက်များကို ပြင်ဆင်၍ ထုတ်လုပ်လာ နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် အရည်အသွေးပြည့်ဝသည့် အဆင့်မြင့်ထုတ်ကုန်များကိုလည်း ပြည်တွင်း၌ သာမကဘဲ ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်၍ နိုင်ငံခြား ဝင်ငွေများလည်း ရရှိလာနိုင်မည်ဖြစ်ပါသည်။

 နိုင်ငံတော်၏ စီးပွားရေးမူဝါဒမှာ ပြည်တွင်း စီးပွားရေးကိုအားပေးခြင်းနှင့် ကုန်ထုတ်လုပ်မှုကို အားပေးခြင်းဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို မြှင့်တင်ပေးခြင်းသည် တောင်သူလယ်သမားများ၏ လူနေမှုဘဝကို မြင့်မားလာစေမည့်အပြင်ပြည်သူ တစ်ရပ်လုံးကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ခံစားကြရပါမည်။ သို့ဖြစ်၍ နိုင်ငံတော်၏ စီးပွားရေးတိုးတက်လာစေရန် စိုက်ပျိုး မွေးမြူရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်သွားကြရ မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။