ရေး မတ် ၂၃
၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းက မွန်ပြည်နယ် ရေးမြို့နယ် တူးမြောင်း ကျေးရွာအုပ်စု ကျိုက်ဒေတမော့ ဗရတ်ကျောင်း တိုက်၌ ကျင်းပခဲ့ရာ ကျောင်းတိုက် အသီးသီးမှ စာဖြေသံဃာတော် များက ဝင်ရောက်ဖြေဆိုကြသည်။
အခမ်းအနားတွင် နိုင်ငံတော် ဩဝါဒါစရိယ လမိုင်းမြို့ အောင်မင်္ဂလာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောဘဏက ဩဝါဒကထာ ချီးမြှင့်ပြီး ရေးမြို့နယ် မရမ်းကျောင်းတိုက်မှ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အရှင်ပညာဇောတက စာမေးပွဲ စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ် အစိုးရ ဓမ္မာစရိယစာမေးပွဲကို ကျင်းပရာ ကျောင်းတိုက်အသီးသီးမှ စာဖြေ သံဃာတော်များ ဝင်ရောက်ဖြေဆို နေမှုကို ဆရာတော်ကြီးများက လှည့်လည်ကြည့်ရှု အားပေးပြီး ရေးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် မျိုးနိုင် ဦးဆောင်၍ မြို့နယ်စီမံ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများက ဆွမ်းကွမ်းဝေယျာဝစ္စ အဆင်ပြေစေရန် ဆောင်ရွက်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက် မှုပေး ခြင်းတို့ကို ဆောင်ရွက်သည်။
ရေးမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲတွင် စာဖြေသံဃာ ၁၂၃၅ ပါးတို့က မတ် ၂၃ ရက်မှ ၃၁ ရက်အထိ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ပြီး အလားတူ ပါဠိပထမပြန်စာမေးပွဲ ကို မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရှင်းသန့်ဖြူ


