ကျွန်းစု မတ် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက စက်သုံးဆီ အရောင်းဆိုင်များ အား မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးတင်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များက စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် ရာသီဥတုပူပြင်းသည့်ကာလများ၌ စက်သုံးဆီများကို မီးဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စနစ်တကျ သိုလှောင်ရောင်းချနေမှု ရှိ မရှိ၊ မီးသတ်ဆေးဘူးများ တပ်ဆင်အသုံးပြုနေမှု ရှိ မရှိတို့ကို စစ်ဆေးပြီး ကြိုတင်ကာကွယ်ရေးဆိုင်ရာအချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စက်သုံးဆီအရောင်းဆိုင်ရှင်များနှင့် အရောင်းဝန်ထမ်းများအား အရေးပေါ်မီးဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့ပါက မီးသတ်ဆေးဘူးများဖြင့် မီးကို စနစ်တကျငြှိမ်းသတ်ရမည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်း ရှိ မရှိ အထူးဂရုပြုကြစေရန်၊ မိမိတို့၏ စက်သုံးဆီ လက်လီ၊ လက်ကားရောင်းချပေးနေမှုအပေါ် မူတည်၍ လုံလောက်ကောင်းမွန်သော မီးသတ်ဆေးဘူးများ ဝယ်ယူ ထားရှိကြစေရန်နှင့် သဲကန်၊ ရေကန်များကို စနစ်တကျထားရှိဆောင်ရွက်ရန် စက်သုံးဆီ အရောင်းဆိုင် ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)


