မတ် ၂၄

နယူးယောက်ရှိ LaGuardia လေဆိပ်တွင် မတ်လ ၂၂ ရက် ညပိုင်းက Air Canada လေယာဉ်တစ်စင်းသည် လေယာဉ်ကွင်းအတွင်း မီးသတ်ကားတစ်စီးနှင့် တိုက်မိခဲ့ရာ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ သေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလေယာဉ်သည် ကနေဒါနိုင်ငံ မွန်ထရီရယ်မှ ပျံသန်းလာပြီး ဆင်းသက်စဉ် ယာဉ်တစ်စီးကိုဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်တွင် ခရီးသည် ၇၂ ဦးနှင့် လေယာဉ်အမှုထမ်း လေးဦး လိုက်ပါလာသည်ဟု သိရသည်။

အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနသည် အရေးပေါ်အခြေအနေကြောင့် ဒေသတွင်း‌ေလကြောင်းလှုပ်ရှားမှုအားလုံးကို လုံးဝရပ်တန့်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုနောက်  မတ်လ ၂၃ ရကနေ့ မွန်းလွဲ ၂ နာရီတွင် လေဆိပ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

အမေရိကန် အမျိုးသားသယ်ယူပို့ဆောင်ရေးဘေးကင်းရေးဘုတ်အဖွဲ့သည် မြေပြင်တွင် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနီက လူမှုမီဒီယာ ပို့စ်တစ်ခုတွင်လေယာဉ်တိုက်မိမှုသည် အလွန်ဝမ်းနည်းဖွယ်ကောင်းကြောင်းနှင့် စုံစမ်းစစ်ဆေးမှု ဆက်လက်လုပ်ဆောင်နေစဉ် ကနေဒါဘက်မှအရာရှိများသည် အမေရိကန်ဘက်မှလုပ်ဖော်ကိုင်ဖက်များနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို