ရန်ကုန် မတ် ၂၄

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် အရှေ့တောင်အာရှဘောလုံး လောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြိုင်ပွဲအသစ်တစ်ခုကျင်းပမည်ဖြစ်ပြီး FIFA-Asean Cup ပြိုင်ပွဲအမည်ဖြင့် ယခုနှစ်အတွင်း စတင်ကျင်းပမည်ဖြစ်သည်။

 

ပြိုင်ပွဲကို စက်တင်ဘာ ၂၁ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်ပုံစံ၊ ပြိုင်ပွဲဝင်အသင်းများကို ထုတ်ပြန်ခြင်းမရှိသေးဘဲ ထပ်မံထုတ်ပြန်မည်ဖြစ်သည်။ ယခင်က အရှေ့တောင်အာရှနိုင်ငံများမှ လက်ရွေးစင်အမျိုးသားအသင်းများအတွက် နှစ်နှစ်တစ်ကြိမ်ကျင်းပသည့် အာဆီယံဖလားပြိုင်ပွဲတစ်ခုသာရှိပြီး နောက်ထပ်ပြိုင်ပွဲတစ်ခု ထပ်တိုးလာခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ၂၀၂၆ အာဆီယံဖလားပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင်း လက်ရွေးစင်အမျိုးသားအသင်းအနေဖြင့် ပြိုင်ပွဲနှစ်ခု ဆက်တိုက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ယခုနှစ်အတွင်း ပထမဆုံးနိုင်ငံတကာပွဲများအဖြစ် ယခုလကုန်ပိုင်းတွင် အာရှဖလားတတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန် နှစ်ပွဲ ကစားရမည်ဖြစ်ပြီး အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

 

သတင်း-ကိုညီလေး
ဓာတ်ပုံ-FIFA