တောင်ကြီး     မတ်    ၂၄

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်၌ (၈၁)နှစ်မြောက်   တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး RCC လေးထပ်အဆောက်အအုံသစ် ဖွင့်ပွဲသို့ တက်ရောက်သည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဦးစွာ တိုင်းမှူး၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးတို့က ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး RCC လေးထပ်အဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က  ရုံးအဆောက်အအုံသစ်ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်တို့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာတပ်ဖွဲ့၊  ပန်းဖွားအကအဖွဲ့၊   တိုးနရားအကအဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုဆောက်လုပ်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံးသစ်ကို ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေမှ ကျပ်သန်း ၁၀၆၆ ဒသမ ၃၇၀၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် သန်း ၁၀၂၃ ဒသမ ၅၃၂  စုစုပေါင်း ခွင့်ပြုငွေကျပ်သန်း ၂၀၈၉ ဒသမ ၉၀၂ ဖြင့် ဆောက်လုပ်ရေး​ဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့(၁၁)သို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ် မတ်လတွင်  လုပ်ငန်းများအားလုံး  ရာနှုန်းပြည့်ပြီးစီး၍ အဆောက်အအုံကိုအပ်နှံခဲ့ကြောင်း၊ အဆောက်အအုံကို ရေရှည်တည်တံ့ခိုင်မြဲမှုရှိအောင် ဝန်ထမ်းများက ထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်က အမှာစကား​ပြောကြားပြီး ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်တို့ထံ ရုံးသစ်ဖွင့်ပွဲ အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

ယင်းနောက် အဆောက်အဦအထူးအဖွဲ့(၁၁)မှ လက်ထောက်ညွှန်ကြားရေးမှူးက  အဆောက်အအုံသစ်နှင့်ပတ်သက်သော စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ ရှမ်းပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးက လက်ခံရယူပြီး   ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ရုံးအဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

မောင်မောင်သန်း(တောင်ကြီး)