နေပြည်တော် မတ် ၂၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးသုတေသနဦးစီးဌာန၏ လေးနှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် စတုတ္ထအကြိမ်မြောက် မွေးမြူရေးဆိုင်ရာ သုတေသန စာတမ်း ဖတ်ပွဲ အခမ်းအနားကို မွေးမြူရေးသုတေသနဦးစီးဌာနမှ ဦးဆောင်၍ ဆက်စပ်ဌာနများဖြစ်သည့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တို့နှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ်ရာပြည့်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သုတေသီပညာရှင်များ၊ ဝန်ထမ်းများ တက်ရောက်ကြပြီး ဒေသသုတေသနစခန်းများမှ ဝန်ထမ်းများက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းပါဝင်ရန် လိုအပ်သကဲ့သို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍ မြှင့်တင်နိုင်ရေးတွင်လည်း မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများအား တစ်ဦးချင်းသာမက အဖွဲ့လိုက်သုတေသနများကို ပူးပေါင်းပါဝင် ဘက်စုံထောင့်စုံမှ ဆောင်ရွက် ရန်လိုကြောင်း၊ သုတေသနများမှ ထွက်ပေါ်လာမည့် တိကျခိုင်မာသောရလဒ်နှင့် သုတေသနတွေ့ရှိချက်များပေါ်မူတည်ပြီး မူဝါဒလမ်းညွှန်ချက်များ၊ မှန်ကန်တိကျသော ခေတ်မီမွေးမြူရေး နည်းစနစ်များကို ချမှတ်ဖော်ထုတ်နိုင်မည်ဖြစ်၍ အရည်အသွေးမြင့်မားသော သုတေသနများဖြစ်ရန် လိုအပ်ကြောင်း၊ သုတေသနရလဒ်နှင့် နည်းပညာများကို မွေးမြူထုတ်လုပ်သူများထံ နည်းပညာလွှဲပြောင်းပေးခြင်း၊ သုတေသနတွေ့ရှိချက်အသစ်များကို လိုအပ်သည့်အဖွဲ့အစည်းများအား ပညာ ဗဟုသုတမျှဝေခြင်းဖြင့် နိုင်ငံ့စီးပွားရေးလုပ်ငန်းများ အချိန်တိုအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်က အားကိုးအားထားပြုရသည့် ဦးစီးဌာနများ၊ တက္ကသိုလ်များဖြစ်လာစေရန် မျှော်လင့်မိပါကြောင်း၊ တက္ကသိုလ်များနှင့် သုတေသနဌာနများမှ ထွက်ပေါ်လာသော ရလဒ်များသည် လက်တွေ့ လုပ်ငန်းခွင်နှင့် တိုက်ရိုက်ချိတ်ဆက်နေရန် အရေးကြီးသဖြင့် သုတေသနရလဒ်များကို သုတေသနဂျာနယ်များမှတစ်ဆင့် ဖြန့်ဝေပေးရန် platform တစ်ခုလိုအပ်ကြောင်း၊ သုတေသနလုပ်ငန်းများကို ခေတ်စနစ်၏ ပြောင်းလဲမှုများနှင့်အညီ လက်ရှိဖြစ်ပေါ်နေသော နည်းပညာရပ်ဆိုင်ရာ တိုးတက်မှု များကိုအသုံးချ၍ အရည်အသွေးမြင့်မားသည့် သုတေသနရလဒ်များ ပေါ်ထွက်လာစေရန်နှင့် ခေတ်မီဆန်းသစ်သော သုတေသနလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ရန် လိုအပ်ကြောင်း၊ မွေးမြူရေးထွက်ကုန်များ ပြည်ပပို့ကုန်အရည်အသွေးမီ ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်မှုကွင်းဆက်တန်ဖိုးကိုခိုင်မာအောင် တိုးချဲ့ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နှစ်ပတ်လည်စာတမ်းဖတ်ပွဲ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ဌာနတည်ထောင်ပြီး လေးနှစ်အတွင်း ဖြတ်သန်းခဲ့သည့် လုပ်ငန်းဆောင်ရွက်မှုများအား ရိုက်ကူးတင်ဆက်ထားသော မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ဖိတ်ကြားစာတမ်းရှင်များက “စားမြုံ့ပြန် တိရစ္ဆာန်အစာတွင် နှမ်းဖတ်ကို ပရိုတိန်းအရင်းအမြစ်အဖြစ် အသုံးပြုခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ပို့ကုန်နှစ်ဆတိုးမြှင့်ဖို့ တန်ဖိုးမြှင့် ရေထွက်ကုန်များ တိုးထုတ်စို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ရေရှည်တည်တံ့သော မွေးမြူရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှု” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ရေထွက်ကုန်ထုတ်လုပ်သူများအသင်း၊ မြင်းစီးအားကစားအဖွဲ့ချုပ်တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး စတုတ္ထအကြိမ်မြောက် မွေးမြူရေးဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင် ဆုရရှိသူများ အား ဂုဏ်ပြုဆုလက်ဆောင်များပေးအပ်ကာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် သုတေသနပြုလုပ်ခဲ့သည့် အသားကဏ္ဍနှင့် ငါးကဏ္ဍနည်းပညာပိုစတာများကို ကြည့်ရှုအားပေးကြသည်။
မွန်းလွဲပိုင်းတွင် စာတမ်းဖတ်ပွဲ ဆက်လက်ကျင်းပရာ ပြင်ပစာတမ်းရှင်များက သုတေသနစာတမ်း ၁၈ စောင်နှင့် ဦးစီးဌာနမှ သုတေသီများက သုတေသနစာတမ်း ၁၉ စောင်ကို ဖတ်ကြားတင်သွင်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


