ရန်ကုန် မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ကျင်းပသည်။
ရွတ်ဖတ်ပူဇော်
ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နေနတ်သားစာသင်တိုက် နာယက ဘဒ္ဒန္တသုစိတ္တ ဆရာတော်ထံမှ ဩဝါဒခံယူပြီး ဆရာတော်များက မဟာသမယ(၇)သုတ် ပါဠိတော်ကို ရွတ်ဖတ်ပူဇော်ကြသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်ကပ်လှူဒါန်း
ယင်းနောက် လှူဒါန်းမှုအစုစုတို့အတွက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ တိပိဋကရွေးချယ်ရေးအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တနာရဒါဘိဝံသ ဆရာတော်ထံမှ ရေစက်ချ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာကော်မတီ အဖွဲ့ဝင်များက လွှတ်တော်ရုံး ဝန်ထမ်းများနှင့် အထောက်အကူပြုအဖွဲ့များအား ဆန်၊ ဆီ၊ ကြက်ဥ များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


