နန်းသီရိကျော်
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် ယနေ့ခေတ် ကမ္ဘာ့အရေးပါဆုံး စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်သကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) အတွက်လည်း အခြေခံအုတ်မြစ်ဖြစ်သည်။
နိုင်ငံတော်သာယာဝပြောရေးဆိုသည်မှာ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာခြင်းသက်သက်မဟုတ်ဘဲ နိုင်ငံသားတိုင်း၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပျော်ရွှင်ချမ်းမြေ့မှုကိုပါ အာမခံနိုင်ခြင်းကို ဆိုလိုသည်။ ယင်းပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် သယံဇာတကြွယ်ဝသော မြေ၊ သန့်ရှင်းလတ်ဆတ်သောလေ၊ ရေတို့သည် မရှိမဖြစ်လိုအပ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို မျက်ကွယ်ပြုပါက ထိုတိုးတက်မှုသည် ရေတိုအကျိုး စီးပွားသာဖြစ်စေပြီး ရေရှည်တွင် နိုင်ငံတော်၏အနာဂတ်ကို ထိခိုက် စေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံသည် သဘာဝသယံဇာတများ ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ (၂၀၁၂) အရ “ပတ်ဝန်းကျင်” ဆိုသည်မှာ မြေထု၊ ရေထု၊ လေထု၊ ရာသီဥတု၊ အသံ၊ အနံ့၊ အရသာတို့ ပါဝင်သည့် လူသားပတ်ဝန်းကျင်ရှိ ရုပ်ပိုင်း ဆိုင်ရာအကြောင်းအချက်များကိုလည်းကောင်း၊ တိရစ္ဆာန်နှင့်အပင်အမျိုးမျိုးတို့၏ သက်ရှိဇီဝဆိုင်ရာ အကြောင်းအချက်များကို လည်းကောင်း၊ သမိုင်း၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒအလှအပ ဆိုင်ရာ အကြောင်းအချက်များကိုလည်းကောင်း ဆိုသည်ဟု ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။
လူလုပ်ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်
ပတ်ဝန်းကျင် အမျိုးအစားမှာ လူလုပ်ပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်ဟူ၍ နှစ်မျိုးရှိပါသည်။ လူလုပ်ပတ်ဝန်းကျင်တွင် သမိုင်းအချက်အလက်များ၊ ယဉ်ကျေးမှု၊ လူမှုရေးနှင့် ပသာဒအလှအပဆိုင်ရာ အကြောင်းအချက်များပါဝင်ပြီး သဘာဝပတ်ဝန်းကျင်တွင် မြေထု၊ ရေထု၊ လေထု၊ ဇီဝထု (အပင်များ/ သတ္တဝါများ) ပါဝင်ပါသည်။ သို့ဖြစ်ပါ ၍ သဘာဝပတ်ဝန်းကျင်သည် ကျွန်ုပ်တို့လူသားများအတွက် အောက်ဆီဂျင်ထုတ်လုပ်ပေးခြင်း၊ သန့်ရှင်းသောရေ၊ အစားအစာ၊ ဆေးဝါးတို့ကို လုံလောက်စွာပေးအပ်ခြင်းနှင့် စိုက်ပျိုးရေးအတွက် မြေဆီလွှာကို ပေးအပ်ခြင်းစသည့် မရေတွက်နိုင်သော ဝန်ဆောင်မှုများကို အခမဲ့ပေးစွမ်းနေသည်။
ဤဝန်ဆောင်မှုများကို ဂေဟစနစ်ဝန်ဆောင်မှုများ (Ecosystem Services) ဟုခေါ်ဆိုသည်။ ဥပမာအားဖြင့် သစ်တောများသည် ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ယူပြီး ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ပေးသည့်အပြင် ရေကြီးရေလျှံမှုကို ကာကွယ်ပေးသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် နိုင်ငံတော်၏ အခြေခံအဆောက်အအုံများအတွက် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုအတွက် ကြီးမားသောအတား အဆီးများကို ဖြစ်ပေါ်စေသည်။ သစ်တောပြုန်းတီးမှုနှင့် မြေဆီလွှာ တိုက်စားမှုများကြောင့် စိုက်ပျိုးမြေများ အရည်အသွေးကျဆင်းလာသည်။ ဤအချက်သည် စားရေရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေပြီး နိုင်ငံသားများအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အစားအစာ ဖူလုံမှုကို ခြိမ်းခြောက်နေသည်။ မြန်မာနိုင်ငံ၏စီးပွားရေး အဓိက မောင်းနှင်အားဖြစ်သော လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် မြေဆီလွှာ အရည်အသွေးကျဆင်းခြင်းသည် နိုင်ငံတော်ဝင်ငွေကို တိုက်ရိုက် ထိခိုက်စေသည်။ ထို့အပြင် စက်မှုလုပ်ငန်းများမှ စွန့်ပစ်သော အညစ်အကြေးများကြောင့် မြစ်ချောင်းအင်းအိုင်များ ညစ်ညမ်းလာရာ ရေထွက်ပစ္စည်းများ ထုတ်လုပ်မှုကို ထိခိုက်စေပြီး ဒေသခံ ရေလုပ်ငန်းရှင်များ၏ စီးပွားရေးကိုပါ ထိခိုက်စေသည်။
လေထုနှင့် ရေထုညစ်ညမ်းမှုသည် နိုင်ငံသားများ၏ ကျန်းမာရေးကို တိုက်ရိုက်ထိခိုက်စေသည့် အဓိကအကြောင်းရင်းဖြစ်လာသည်။ ညစ်ညမ်းသောလေကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ ပိုမိုဖြစ်ပွားလာပြီး ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်မြင့်မားခြင်းတို့ကို ဖြစ်စေသည်။ ထို့အပြင် သန့်ရှင်းသောသောက်သုံးရေ ပြတ်လပ်မှုကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ပျံ့နှံ့နိုင်ကာ လူ့အဖွဲ့အစည်း၏ ပျမ်းမျှသက်တမ်းနှင့် အရည်အသွေးကို လျော့ကျစေသည်။
ကျန်းမာသောနိုင်ငံသားများသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အပြည့်အဝပါဝင်နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) အခန်း (၈)၊ နည်းဥပဒေ ၄၅ နှင့် ၄၆ တို့တွင် ပတ်ဝန်းကျင်အရည်အသွေးကို ထိန်းချုပ်ရန်အတွက် လိုအပ်သည့် စံချိန်စံညွှန်း အမျိုးအစားများ သတ်မှတ်ထားခြင်းသည် နိုင်ငံသားများ၏ ကျန်းမာရေးကို ကာကွယ်ရန် အဓိကရည်ရွယ် သည်။
ဂေဟစနစ်များ ပျက်စီးခြင်းသည် ရာသီဥတုပြောင်းလဲမှုကို ပိုမိုဆိုးရွားစေသည်။ သစ်တောများမရှိတော့သည့်အခါ မိုးသည်းထန်စွာ ရွာသွန်းပါက ရေကို ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ဘဲ ရေကြီးရေလျှံမှုများ အလွယ်တကူ ဖြစ်ပွားလာသည်။ ထို့အတူ ပင်လယ်ကမ်းရိုးတန်းရှိ ဒီရေတောများ ပြုန်းတီးသွားပါက မုန်တိုင်းဒဏ်မှ ကာကွယ်ပေးမည့် သဘာဝအတားအဆီးများ ပျောက်ကွယ်သွားရာ ကမ်းရိုးတန်းဒေသများ ပိုမိုအန္တရာယ်များလာသည်။ သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားခြင်းသည် နိုင်ငံတော်၏ဘတ်ဂျက်ကို ထိခိုက်စေပြီး ပြန်လည် ထူထောင်ရေးကုန်ကျစရိတ်များ မြင့်မားလာစေသည်။
ခိုင်မာသောမူဝါဒနှင့် မဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖော်
နိုင်ငံတော်သာယာဝပြောစေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီမှ အစိုးရအဖွဲ့အထိ အဆင့်တိုင်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်။ နိုင်ငံတော်က ဤစိန်ခေါ်မှု များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ခိုင်မာသောမူဝါဒနှင့် မဟာဗျူဟာများကို ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာဖြစ်သည့် “မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း” (MSDP) (၂၀၁၈-၂၀၃၀) သည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို နိုင်ငံတော်၏ အဓိက အာရုံစိုက်ရာကဏ္ဍအဖြစ် သတ်မှတ်ထားသည်။ MSDP ၏ မဏ္ဍိုင် (၃) “ ပြည်သူများနှင့် ကမ္ဘာမြေ ” တွင် ရည်မှန်းချက် (၅) အနေဖြင့် “နိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်” ဟု ထည့်သွင်းထားသည်။
နိုင်ငံတော်သာယာဝပြောရေးကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ (MCCMP) (၂၀၁၈-၂၀၃၀) ကို ချမှတ်ထားသည်။ မဟာဗျူဟာ၏ ရေရှည်မျှော်မှန်းချက်မှာ ပစ္စုပ္ပန်နှင့် အနာဂတ်မျိုးဆက်များ ကျန်းမာပျော်ရွှင်ပြီး ဘေးအန္တရာယ်ကင်းရေးအတွက် အားလုံးပါဝင်သည့် ရေရှည်တည်တံ့၍ ချမ်းသာကြွယ်ဝမှုရှိကာ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ကာဗွန်ထုတ်လွှတ်မှုလျော့နည်းသော လူမှုအဖွဲ့အစည်းတစ်ရပ် ပေါ်ထွန်းလာသည့် မြန်မာနိုင်ငံအဖြစ် ပြောင်းလဲရန်ဖြစ်ပါသည်။
ဤမျှော်မှန်းချက်ကို မီးရှူးတန်ဆောင်အဖြစ်ထားရှိကာ နောင် (၁၃) နှစ်ကာလအတွင်း အစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ပြည်သူ-ပုဂ္ဂလိကကဏ္ဍနှင့် လူမှုအဖွဲ့စည်းများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အားထုတ်ကြိုးပမ်းသွားရမည်ဖြစ်သည်ဟု ဖော်ပြပါရှိပါသည်။
နိုင်ငံသားတိုင်း၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာ မြှင့်တင်ခြင်းနှင့် တာဝန်ယူမှုအားကောင်းစေခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းဥပဒေ (၂၀၁၄) အခန်း (၃) နည်းဥပဒေ (၆) အရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ လုပ်ပိုင်ခွင့်အနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေးစည်းရုံးမှုများနှင့် လှုပ်ရှားမှုများကို ဆောင်ရွက်ခြင်းနှင့် ကျောင်းသင်ခန်းစာများတွင် ပါဝင်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေး သင်ခန်းစာများကို သက်ဆိုင် ရာဌာနများနှင့်ပူးပေါင်းညှိနှိုင်းပြီး လိုအပ်သလို ပြင်ဆင်ဖြည့်စွက်နိုင်ရန် အကြံပြုခြင်းတို့ ပါဝင်သည်။
သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်
ပြည်သူလူထုက ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို စောင့်ကြည့်သတင်းပို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်း ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်ခြင်းဖြင့်သာ ထိန်းသိမ်းရေးလုပ်ငန်းများ အောင်မြင်မည်ဖြစ်သည်။ ဥပမာအားဖြင့် ရေနှင့် လျှပ်စစ်ဓာတ်အားကို ချွေတာသုံးစွဲခြင်း၊ ပလတ်စတစ်ကဲ့သို့ ပတ်ဝန်းကျင်ကို ထိခိုက်စေသောပစ္စည်းများ သုံးစွဲမှုကို လျှော့ချခြင်း (Reduce, Reuse, Recycle) စသည့် တစ်ဦးချင်းတာဝန်ယူမှုဖြင့် စတင်နိုင်သည်။
နိုင်ငံတော်သာယာဝပြောရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးသည် ခွဲခြား၍မရသော အပြန်အလှန်မှီခိုနေသည့် အရာနှစ်ခု ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်၏ အရင်းအမြစ်များကို ကုန်ခန်းအောင်၊ ပျက်စီးအောင် အလွန်အကျွံ အသုံးချနေမည့်အစား လက်ရှိလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်အကြား ဟန်ချက်ညီညီ ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့်သာ ရေရှည်တည်တံ့ခိုင်မြဲသော နိုင်ငံတော်တည်ဆောက်နိုင်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ လက်ရှိလုပ်ရပ်များသည် အနာဂတ်မျိုးဆက်သစ် များ၏ဘဝများအား တိုက်ရိုက်သက်ရောက်မှုရှိနေသည်ကို အမြဲသတိ ပြုရပါမည်။ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များသည် သန့်ရှင်းသော လေ၊ ကြည်လင်သော ရေနှင့် စိမ်းလန်းစိုပြည်သော ပတ်ဝန်း ကျင်ကို ထိုက်တန်စွာခံစားပိုင်ခွင့်ရှိပါသည်။ ထိုခံစားပိုင်ခွင့်ကို ထိန်းသိမ်းပေးရန် ယနေ့မှစ၍ ကျွန်ုပ်တို့ တစ်ဦးချင်းစီသည် မိမိတို့၏ အခန်းကဏ္ဍမှ တာဝန်ယူကာ သဘာဝတရားကြီး၏ တန်ဖိုးကို သိရှိ နားလည်၍ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ကိုးကားချက် -
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ(၂၀၁၂)
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ(၂၀၁၄)
- မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော
ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) (၂၀၁၈-၂၀၃၀)
- မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာ
(MCCMP) (၂၀၁၈-၂၀၃၀)
- The National wildlife federation: Ecosystem Services
- www.wwf.org.mm/thabarwa/


