စက်မှုဒီဇိုင်းမူပိုင်ခွင့်ဌာနခွဲ

ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်းမှ ထုတ်ကုန်လုပ်ငန်းရှင်များသည် ထုတ်ကုန်နှင့် ထုပ်ပိုးပစ္စည်း များကို တီထွင်ဖန်တီး၍ သုံးစွဲသူများ ပိုမိုကြိုက်နှစ်သက်ရန်နှင့် ရောင်းအားမြှင့်တင်နိုင်ရန် အလေးပေး ရင်းနှီးမြှုပ်နှံလာကြသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ (MSMEs)သည် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းနှင့် ပြည်ပနိုင်ငံများသို့ ဖြန့်ဖြူးကာ ဈေးကွက်ယှဉ်ပြိုင် ရောင်းချရ မည်ဖြစ်ရာ မိမိတို့၏ကိုယ်ပိုင်စိတ်ကူးကြံဆမှုများဖြင့် ဆန်းသစ်တီထွင် ထုတ်လုပ်မှုများကို ပြိုင်ဘက် စီးပွားရေးလုပ်ငန်းများက လွယ်လင့်တကူပုံတူကူးခြင်း၊ တုပခြင်းတို့ကို တားဆီးကာကွယ်ရန် အရေးတကြီး လိုအပ်လာသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းကို ချဲ့ထွင်ရန်ကြိုးပမ်းနေသည့် MSMEs များ စဉ်ဆက်မပြတ် ရှင်သန်ကြီးထွားစေရန်အတွက် ဒီဇိုင်းမူပိုင်ခွင့်ပိုင်ဆိုင်မှုကို အစွမ်းထက် သည့် စီးပွားရေးကိရိယာတစ်ခုအဖြစ် မရှိမဖြစ် အသုံးပြုရန် လိုအပ်လာသည်။

ဒီဇိုင်း၏ကာလာသည် အလွန်အရေးပါ

ဒီဇိုင်းဟူသည် ဝယ်ယူသုံးစွဲသူများအား ဆွဲဆောင်နိုင်သည့် ထုတ်ကုန်တစ်ခုတွင် တန်ဆာ ဆင်ထားသော အပြင်မှ မြင်ရသည့် ပုံသဏ္ဌာန်တစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုသည့် အိမ်သုံး ပစ္စည်းများ၊ ပရိဘောဂပစ္စည်းများမှစ၍ လူ့အသုံး အဆောင်နာရီများ၊ လက်ဝတ်ရတနာများ၊ အထည် အလိပ်များနှင့် အခြားဇိမ်ခံပစ္စည်းများတွင် ဒီဇိုင်းပုံစံ အမျိုးမျိုးကို မြင်တွေ့နိုင်သည်။ ခေတ်မီဆန်းသစ် လှပသည့် အသွင်သဏ္ဌာန်ရှိသော ထုတ်ကုန်များသည် အခြားသော ထုတ်ကုန်များထက် ဝယ်ယူသုံးစွဲသူများကို ပိုမိုဆွဲဆောင်နိုင်သည်။ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်သည့် စက်မှုလက်မှုလုပ်ငန်းများ၊ အဝတ်အထည်လုပ်ငန်းများ၊ ဖက်ရှင်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ စသည်တို့တွင် ဒီဇိုင်း၏ ကာလာသည် အလွန်အရေးပါသည်။ ထို့အပြင် အပြင်ပန်းပုံသဏ္ဌာန်အားဖြင့် လှပခံ့ညားသော အနုပညာဒီဇိုင်းများသည် ထုတ်ကုန်တစ်ခုကို ဝယ်ယူရန် ဆုံးဖြတ်ချက်ချပေးရာတွင် ဝယ်ယူသူအား များစွာတွန်းအားပေးနိုင်သည်။ ထုတ်ကုန် ဒီဇိုင်းအသစ်များသည် စီးပွားရေးလုပ်ငန်းများတွင် ၎င်းတို့၏ ထုတ်ကုန်များကို ပြိုင်ဘက်လုပ်ငန်းများ နှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိစေပြီး လုပ်ငန်း၏ ပုံရိပ်ကို ပိုမိုကောင်းမွန်လာစေနိုင်သည်။ သို့ဖြစ်၍ ဒီဇိုင်းများသည် စီးပွားရေးလုပ်ငန်းများအတွက် အဖိုးတန် စီးပွားရေးကိရိယာဖြစ်သောကြောင့် ၎င်းတို့ကို ခိုင်မာထိရောက်စွာ အကာအကွယ်ယူထားရန် အရေးကြီးပေသည်။

ဒီဇိုင်းကိုဖန်တီးရာတွင် မလိုအပ်သော ရှုပ်ထွေးမှုများကို လျှော့ချပြီး အသုံးပြုရလွယ်ကူစေသော ရိုးရှင်းလှပသည့် ဒီဇိုင်းများသည် သုံးစွဲသူများကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်သည်။ ထုတ်ကုန် ဒီဇိုင်းတစ်ခုအပေါ် သုံးစွဲသူများက နှစ်သက်လက်ခံခြင်းသည် စီးပွားရေးလုပ်ငန်း၏ အောင်မြင်မှုပုံရိပ်ကို များစွာသက်ရောက်စေသည်ကို လေ့လာတွေ့ရှိနိုင်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ Apple ကုမ္ပဏီက ဖန်တီးသော Apple AirPods များသည် ခေတ်မီနည်းပညာနှင့် ဒီဇိုင်းဆန်းသစ်မှု ပေါင်းစပ်၍ သေးငယ်ပေါ့ပါးသော ကြိုးမဲ့နားကြပ်ကို ဈေးကွက် အတွင်းသို့ ချပြနိုင်ခဲ့သည့်အတွက် လုပ်ငန်းအောင်မြင်မှု များစွာရရှိခဲ့သည်။ ထို့အတူ အမေရိကန်နိုင်ငံ Tesla ကုမ္ပဏီက ထုတ်လုပ်သော လျှပ်စစ်ကားများသည် ခေတ်မီနည်းပညာများ၊ ခေတ်မီဆန်းသစ်သော ဒီဇိုင်းများနှင့် ထူးခြားကောင်းမွန်သည့် စွမ်းဆောင်နိုင်ရည်များကို ပေါင်းစပ်ထုတ်လုပ်ထားသည့် အတွက် သုံးစွဲသူများ နှစ်သက်လက်ခံသည့် ထုတ်ကုန်အသစ်တစ်ခု ဖြစ်လာခဲ့သည်။

မူပိုင်ခွင့်အကာအကွယ်ရယူထားသင့်

ထိုကဲ့သို့ လုပ်ငန်းပုံရိပ် မြင့်မားတိုးတက်စေနိုင်သည့် ကိုယ်ပိုင်ဒီဇိုင်းများကို ဈေးကွက်သို့ မချပြမီ မူပိုင်ခွင့်အကာအကွယ်ရယူထားသင့်သည်။ မူပိုင်ခွင့် အကာအကွယ်ရယူထားခြင်းကြောင့် ထုတ်ကုန် ပစ္စည်းများကို ဈေးကွက်တွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အသိအမှတ်ပြုခံရမည်ဖြစ်ပြီး စျေးကွက် အတွင်း လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားမှုကို ပြုလုပ်နိုင်သည့်အပြင် ဈေးကွက်ခိုင်မာမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ MSMEs လုပ်ငန်းများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင် ဖန်တီးထားသော ဒီဇိုင်းများကို မူပိုင်ခွင့်ဖြင့် အကာအကွယ်ရယူထားခြင်းမရှိလျှင် ပြိုင်ဘက်လုပ်ငန်းများ၏ အလွယ် တကူ ပုံတူကူးယူအသုံးပြုခြင်းကို မဟန့်တားနိုင်သဖြင့် စီးပွားရေးအရ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ် လာနိုင်သည်။

ရှေးဦးစွာ မူပိုင်ခွင့်အကာအကွယ်ရယူထားလျှင် မိမိ၏ခွင့်ပြုချက်မရှိဘဲ အခြားသူများက စီးပွားဖြစ် အသုံးပြုခြင်းကို ဥပဒေကြောင်းအရ ထိရောက်စွာ ဟန့်တားနိုင်မည်ဖြစ်သည်။ ဒီဇိုင်းပိုင်ရှင်အနေဖြင့် မှတ်ပုံတင်ထားသော မိမိ၏ဒီဇိုင်းအား ခွင့်ပြုချက်မရှိဘဲ ကူးယူခြင်း သို့မဟုတ် တုပခြင်းအန္တရာယ် ကျရောက်ခြင်းမှ ကာကွယ်တားဆီးနိုင်သည့်အတွက် စီးပွားရေးစျေးကွက်ချဲ့ထွင်ခြင်းနှင့် ရင်းနှီး မြှုပ်နှံမှုများကို ပိုမိုအားထည့်ဆောင်ရွက်လာနိုင် မည်ဖြစ်သည်။ ၎င်းအပြင် မူပိုင်ခွင့်ပိုင်ရှင်အနေဖြင့် မိမိ၏ကိုယ်ပိုင်ဒီဇိုင်းကို အခြားသူများအား အခကြေးငွေဖြင့် အသုံးပြုခွင့်ပေးသဖြင့် လုပ်ငန်း၏ ဝင်ငွေတိုးမြင့်ရရှိလာနိုင်ခြင်းဖြင့် လုပ်ငန်းတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အချုပ်အားဖြင့် ဆန်းသစ်တီထွင်ဖန်တီးထားသော ဒီဇိုင်းများသည် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ခေတ်မီတိုးတက်သော နည်းပညာများနှင့် စိတ်ကူးကြံစည်မှု အနုပညာဖန်တီးမှုများကို ပေါင်းစပ်ဖန်တီးခြင်းဖြင့် ထုတ်ကုန်ဒီဇိုင်းများသည် အစဉ်အမြဲဆန်းသစ်နေမည်ဖြစ်ပြီး အခြားသော ထုတ်ကုန်များနှင့်လည်း ကွဲပြားခြားနားမှုကို ဖြစ်စေ သည်။ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံရာတွင် ထုတ်ကုန်ဒီဇိုင်းများ မြှင့်တင်ဆောင်ရွက်ခြင်းကို ဗျူဟာမြောက်အသုံးပြုနိုင်ပါက အနာဂတ်တွင် အောင်မြင်သော စီးပွားရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးနိုင်မည်ဖြစ်ကြောင်းနှင့် ဤလုပ်ငန်းစဉ်များကို မူပိုင်ခွင့်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဝန်ဆောင်မှုပေးလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။