မန္တလေး မတ် ၂၅

 

မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က ရဲမွန်တောင်ရပ်ကွက်ရှိ ဌေးဌေးကြွယ်ဆီဆိုင်၊ Max Energy ဆီဆိုင်၊ BOC ဆီဆိုင် နှစ်ဆိုင်၊ နယူးပါဝါဆီဆိုင်၊ Singapore ဆီဆိုင်၊ အောင်ဆီဆိုင်၊ Denko ဆီဆိုင် နှစ်ဆိုင်၊ HSD ဆီဆိုင်၊ 360 ဆီဆိုင် နှစ်ဆိုင်နှင့် MEC ဆီဆိုင် စုစုပေါင်း စက်သုံးဆီအရောင်းဆိုင် ၁၃ ဆိုင်တို့အား စက်သုံးဆီများရောင်းချရာတွင် ပြည်သူများ ဆီအလုံအလောက်ရရှိစေရေးနှင့် ရက်ကြာကြာ အသုံးပြုနိုင်စေရေး၊ စက်သုံးဆီပုံမှန်ရောင်းချပေးနိုင်ရေး၊ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီလာထည့်သည့် မော်တော်ယာဉ်များကို စက်သုံးဆီချွေတာရေးနှင့် မလိုအပ်ဘဲဆီများ သိုလှောင်းခြင်း မပြုလုပ်ရန် မှာကြားသည်။

 

ဆက်လက်ပြီး စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချခြင်းမရှိပါက သက်ဆိုင်ရာဖုန်းနံပါတ်များသို့ တိုင်းကြားနိုင်ပြီး အဆိုပါဆိုင်များကို ဥပဒေနှင့်အညီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ စက်သုံးဆီအရောင်းဆိုင်များရှိ ဆိုင်မန်နေဂျာနှင့် အရောင်းဝန်ထမ်းများအား စက်သုံးဆီများပှံမှန် ရောင်းချပေးနိုင်ရေး အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။

အလင်းသစ်(ပြန်/ဆက်)