ချောင်းသာ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်ခရိုင် ချောင်းသာမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာမှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော Grand Hotel RC တစ်ထပ် ထပ်တိုးအဆောက်အအုံတစ်လုံး ဆောက်လုပ်နေမှုနှင့် ကမ်းခြေသန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက သက်ဆိုင်ရာဌာနများမှ ဟိုတယ်နှင့်ခရီးသွားလာမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောက်လုပ်လျက်ရှိသော Grand Hotel မှ မူလ RC နှစ်ထပ်အဆောက်အအုံပေါ်တွင် (၁၀၉ x ၄၁ x ၉ ပေ) အတိုင်းအတာရှိ RC တစ်ထပ် ထပ်တိုးအဆောက်အအုံတစ်လုံး ဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၁)ရပ်ကွက် မြို့ပတ်လမ်းကမ်းခြေသို့ သွားရောက်၍ ချောင်းသာကမ်းခြေသန့်ရှင်းသာယာလှပမှုနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးပြီး ကမ်းခြေမသန့်ရှင်းလျှင် ရေနေသတ္တဝါများနေထိုင်မှု လျှော့နည်းနိုင်ကြောင်း၊ စွန့်ပစ်အမှိုက်များကင်းရှင်းစေရေး ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ အပတ်စဉ်ဆောင်ရွက်ကြရန်နှင့် အမှိုက်ပစ်ကွင်းသို့ စနစ်တကျစွန့်ပစ်ကြရန်၊ ချောင်းသာကမ်းခြေသည် ခရီးသွားဆွဲဆောင်သည့် ဒေသဖြစ်သောကြောင့် ကမ်းခြေသန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးနှင့်အဖွဲ့သည် ချောင်းသာကမ်းခြေတစ်လျှောက် သန့်ရှင်းသာယာလှပရေးနှင့် ဈေးဆိုင်တန်းများ စနစ်တကျရောင်းချရေး ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ ဈေးဆိုင်များ စနစ်တကျ ရောင်းချရန်နှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများမရှိစေရေး အမှိုက်ပုံးများထားရှိရန်၊ အန္တရာယ်ကင်း၍ ခရီးသွားဆွဲဆောင်သော ကမ်းခြေဒေသဖြစ်ပေါ်ရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။
ကျော်ဟိန်း(ပြန်/ဆက်)


