အန်ကာရာ   မတ်   ၂၅

ပြည်နယ် ၂၄ ခုတွင်ပြုလုပ်ခဲ့သော ပေါင်းစပ်ညှိနှိုင်းစီးနင်းမှုအတွင်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့နှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ ၈၈ ဦးကို တူကီယဲအာဏာပိုင်များက ဖမ်းဆီးခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ အကြမ်းဖက်အဖွဲ့အစည်းတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းနှင့် အိုင်အက်စ်အဖွဲ့ သို့မဟုတ် ယင်းနှင့်ဆက်စပ်နေသည့် လူပုဂ္ဂိုလ်များကို တစ်ဦးချင်းဖြစ်စေ “ပရဟိတ” အဖွဲ့အစည်းများမှတစ်ဆင့်ဖြစ်စေ ရည်ရွယ်ချက်ရှိရှိ ငွေကြေးပံ့ပိုးကူညီမှုအပါအဝင် ပြစ်မှုကျူးလွန်သည်ဟု ယူဆရသည့် သံသယရှိသူများသည် စွဲချက်တင်ခံရမည်ဖြစ်သည်။

သံသယရှိသူများအဖြစ်  ထိန်းသိမ်းခံထားရသူများသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် အကြမ်းဖက်ဝါဒဖြန့်မှုတွင် ပါဝင်နေသည်ဟု စုံစမ်းစစ်ဆေးသူများက တွေ့ရှိထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စစ်ဆင်ရေးအတွင်း များပြားလှသော စာရွက်စာတမ်းများနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

တူကီယဲနိုင်ငံသည်  အိုင်အက်စ်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ၂၀၁၃  ခုနှစ်တွင်  တရားဝင်သတ်မှတ်ခဲ့ပြီး  ပြည်တွင်းပြည်ပတွင် အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးအများအပြား ပြုလုပ်ခဲ့သည်။

ဆင်ဟွာ