မတ် ၂၆

ဂျပန်နိုင်ငံအိုဆာကာခရိုင် ကူမာတိုရီမြို့ရှိ စာသင်ကျောင်းအများအပြားတွင် ကျောင်းသားနှင့် ဝန်ထမ်း ၆၀၀ ကျော်သည် အစာအဆိပ်သင့်မှု လက္ခဏာများဖြစ်ပွားခဲ့ကြောင်း အများပြည်သူ ရုပ်သံထုတ်လွှင့်မှု အင်န်အိတ်ချ်ကေက ယနေ့တွင် ဖော်ပြခဲ့သည်။

အဆိုပါမြို့တွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်း ရှစ်ကျောင်းမှ ကျောင်းသားများနှင့် ဝန်ထမ်းများသည် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့မှစ၍ ဝမ်းလျှောခြင်းနှင့် အန်ခြင်း အပါအဝင် ရောဂါလက္ခဏာများ ဆက်တိုက် ပြသခဲ့ရာ မတ်လ ၂၄ ရက်နေ့အထိ ထိခိုက်ခံရသူ စုစုပေါင်း ၆၃၃ ဦး ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဒေသခံကျန်းမာရေးဌာနသည် ထိခိုက်ခံရသူ ကျောင်းသားအချို့တွင် norovirus ကို တွေ့ရှိခဲ့ကြောင်းနှင့်  မြို့တွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းအားလုံးသို့ ကျောင်းနေ့လည်စာအတွက် မုန့်များ ထောက်ပံ့ပေးပို့နေသော ကုမ္ပဏီတစ်ခု၏ ဝန်ထမ်းများတွင်လည်း အလားတူဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါတွေ့ရှိချက်များအပေါ်အခြေခံ၍ အများပြည်သူ့ကျန်းမာရေးဌာနသည် ကျောင်းနေ့လည်စာတွင် ကျွေးသောမုန့်မှအစာအဆိပ်သင့်မှုဖြစ်ပွားခြင်းဖြစ်ကြောင်းဆုံးဖြတ်ခဲ့ပြီးသက်ဆိုင်ရာထုတ်လုပ်ရေးလုပ်ငန်းလုပ်သူအား ငါးရက်ကြာ လုပ်ငန်းရပ်ဆိုင်းရန် အရေးယူဆောင်ရွက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို