ကိုင်ရို မတ် ၂၇
အီဂျစ်၊ တူကီယဲနှင့် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးများက အမေရိကန်နှင့် အီရန်အကြား တိုက်ရိုက် စေ့စပ်ညှိနှိုင်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများကို ဆွေးနွေးရန် သီးခြားစီ ဖုန်းခေါ်ဆိုခဲ့ကြောင်း အီဂျစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ပြောကြား ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးများက အရှေ့အလယ်ပိုင်းအခြေအနေ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် သံတမန်နည်းလမ်းများမှတစ်ဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရန် ကြိုးပမ်းမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေသတွင်း အခြေအနေကို ထိန်းချုပ်ရန် ဒေသတွင်းနှင့် နိုင်ငံတကာကြိုးပမ်းအားထုတ်မှုများကို တွန်းအားပေးပြီး တည်ငြိမ်မှု၊ တိုးမြင့်လာမှုနှင့် သံတမန်နည်းလမ်းအရ ဖြေရှင်းမှု လမ်းကြောင်းများသည် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ထိန်းချုပ်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာအဒီ လတ်တီက အလေးပေးပြောကြားခဲ့သည်။
ထို့ပြင် အီဂျစ်၊ တူကီယဲနှင့် ပါကစ္စတန်တို့၏ ပူးပေါင်းကြိုးပမ်းမှုများသည် စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သည့် တည်ငြိမ်ရေးလုပ်ငန်းစဉ်ကို ဖြည်းဖြည်းချင်း စတင်နိုင်လိမ့်မည်ဟုမျှော်လင့်ပါ ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
အလားတူ အီဂျစ်နိုင်ငံခြားရေးဝန်ကြီး ဘာအဒီလတ်တီနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုတို့က ယမန်နေ့တွင် အရှေ့အလယ်ပိုင်းဒေသတွင်း စစ်ရေးတင်းမာမှုများ၏ နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုများနှင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


