နေပြည်တော် မတ် ၂၇

 

မြန်မာ့မီးရထားအနေဖြင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်း အသီးသီးတွင် လူစီးရထားများပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်နှင့်ကုန်စည် သယ်ယူပို့ဆောင်ရေး လွယ်ကူလျင်မြန်စေရန် ရထားလမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းကို တာပေါင်ကျဉ်းနေသော နေရာများ မြေဖို့ခြင်း၊ တစ်မိုင်လျှင်ကျင်း ၅၀၀ ကျောက်ဖြည့်တင်းခြင်း၊ လမ်းပိုင်းအား ကျောက်ပက်ကင်ရိုက်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလမှစ၍ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါ ပဲခူး-မော်လမြိုင် ရထားလမ်းအရှည် မိုင် ၁၃၀ ကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်၍ ကိုးချောင်းဆက်သံလမ်းလဲလှယ်ခြင်း၊ ကွန်ကရစ်ဇလီဖားတုံးများ ဖြည့်တင်းခြင်း၊ တစ်မိုင်လျှင်ကျင်း ၃၅၀ နှုန်းဖြင့် လမ်းခင်းကျောက်ဖြည့်တင်းခြင်း၊ Automatic Levelling Lining & Tamping Machine (ALL-TM) စက်ကြီးဖြင့် လမ်းပက်ကင်ရိုက်ခြင်း၊ လမ်းပိုင်းအချောသတ်ပြုပြင်ခြင်း၊ တံတားများ အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြီးစီးခဲ့ပြီး ကျောက်ကျင်းပေါင်း ၂၆၀၂၆ ကျင်း ထပ်မံဖြည့်တင်းနိုင်ခဲ့သည်။

 

 

ယခင်က ခရီးအကွာအဝေး ၁၇၆ မိုင်ရှိသော ရန်ကုန်-မော်လမြိုင် ရထားလမ်းခရီးတစ်လျှောက် အများဆုံး ၄၈ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲခဲ့ရာမှ အထက်ပါလမ်းပိုင်းအဆင့်မြှင့်တင်မှုများ ဆောင်ရွက် ခဲ့ပြီးနောက် အများဆုံး ၆၄ ကီလိုမီတာနှုန်းအထိ တိုးမြှင့်လာနိုင်ခဲ့ပြီး ပြေးဆွဲချိန် လျှော့ချနိုင်ခဲ့သည်။

 

အဆိုပါ ရထားလမ်းပိုင်း အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပဲခူး-မော်လမြိုင် လမ်းပိုင်းတစ်လျှောက် ကွေ့ ၅ ဒီဂရီထက် ပိုမိုသောနေရာ ၁၆ နေရာအထိရှိပြီး မိုင်နှုန်းကန့်သတ်ချက်များကြောင့် ပြေးဆွဲချိန် ထပ်မံလျှော့ချနိုင်ရန်အတွက် နိုင်ငံတော်ယာယီသမ္မတ၏ လမ်းညွှန်ချက်အရ တစ်မိုင်လျှင် ကျောက်ကျင်း ၃၅၀ ရှိသည့် နေရာများကျောက်ကျင်း ၁၅၀ ထပ်မံ ဖြည့်တင်းပြီး တစ်မိုင်လျှင် လမ်းခင်းကျောက်ကျင်း ၅၀၀ နှုန်းပြည့်အောင် ဖြည့်တင်းခြင်းဖြင့် လမ်းပိုင်းအား မိုင်နှုန်းမြှင့်နိုင်ရေး ဆောင်ရွက်ခြင်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျောက်ကျင်းပေါင်း ၁၃၄၈၉ ကျင်း ထပ်မံဖြည့်သွင်း ဆောင်ရွက်နိုင်ခဲ့သည်။

 

ပဲခူး-မော်လမြိုင် လမ်းပိုင်းအားလုံးအတွက်ထပ်မံ၍ ကျောက်ကျင်း ၅၂၇၉ ကျင်း ထပ်မံဖြည့်တင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းတစ်ခုလုံး အဆင့်မြှင့်တင် မွမ်းမံပြီးစီးပါက အများဆုံး ၇၅ ကီလိုမီတာနှုန်းဖြင့် ရထားပြေးဆွဲပေးသွားနိုင်မည်ဖြစ်ပြီး ရထားပြေးဆွဲချိန်ကို ထပ်မံလျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

သတင်းစဉ်