၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၂ စက္ကန့်တွင် လှုပ်ခဲ့သည့် မန္တလေး မြေငလျင်ကြီးမှာ တစ်နှစ်တင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ၏အလယ်တွင် မြောက်မှတောင်သို့ တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့ကြောကြီးတစ်လျှောက် ပြင်းအားရစ်ခ်တာစကေး ၇ ဒသမ ၇ ဖြင့် လှုပ်ခတ်သွားသည့် အဆိုပါမြေငလျင်ကြီးမှာ မှတ်တမ်းတင်နိုင်ခဲ့သမျှ မြန်မာ့မြေငလျင်သမိုင်းတွင် ဒုတိယအပြင်းထန်ဆုံး မြေငလျင်ကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီး အများအပြားမှာ စစ်ကိုင်းပြတ်ရွေ့ကြောကြီးတစ်လျှောက်တွင် တည်ရှိနေခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာလည်း များပြားလှသည်။
ငလျင်ကြီးဖြစ်ပေါ်ခဲ့မှုကြောင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် ၁၀ ခုတွင် ရှိသည့် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂၁၆၇ စု၊ လူဦးရေစုစုပေါင်း ၅၀၆၀၆၉ ဦး ဘေးသင့်ခဲ့ပြီး သေဆုံးသူ ၃၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦး၊ ဒဏ်ရာရသူ ၅၁၀၄ ဦးရှိခဲ့သည်။ လူနေအိမ် ၅၁၂၁၀လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်း ပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်း ဆက်သွယ်ရေးစခန်း ၆၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ခြောက်ခု၊ ဌာနအဆောက်အအုံ ၁၁၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အအုံနှင့် ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂၄၀၉ ကျောင်း၊ အဆင့်မြင့် ပညာကျောင်း ၇၂ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေး အဆောက်အအုံ ၅၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန်အကောင် ၁၃၃၇၀၀ ကောင် ထိခိုက် ပျက်စီးခဲ့ရပြီး မူလ ပျက်စီးဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ငွေကျပ် ၃၈၀၄ ဒသမ ၅၄၉ ဘီလီယံဖြစ်ကြောင်း ၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်တွင်ကျင်းပသည့် မန္တလေးငလျင်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ် လှူဒါန်းပွဲတွင် နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးပြီးချင်းမှာပင် ပျက်စီးဆုံးရှုံးမှု ပမာဏများပြားသည်ကို တွေ့ရခြင်းကြောင့် နိုင်ငံတော်အကြီးအကဲက ချက်ချင်းဆိုသလိုပင် ကယ်ဆယ်ရေးနှင့် ကူညီ ထောက်ပံ့ရေး လုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ အကူအညီများ ပေးအပ်နိုင်ရန် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ရာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၃၁၀၉ ဒသမ ၃၁၇ ရရှိခဲ့ပြီး ကယ်ဆယ်ရေး ဝန်ထမ်းပေါင်း ၁၀၇၀၊ ကျန်းမာရေးစောင့်ရှောက်ရေး ပညာရှင်များနှင့် ဆရာဝန်များ ၂၈၇ ဦးတို့ လာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ကြသည်။ ငလျင် လှုပ်ပြီးချိန်တွင် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ ကယ်ဆယ်ရေးဝန်ထမ်းများနှင့် အကူအညီများ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းခရီးမှတစ်ဆင့် ရောက်ရှိလာခဲ့ကြသည်။
မန္တလေးငလျင်ကြီးသည် ရုပ်ပိုင်းဆိုင်ရာပျက်စီးမှုများဖြစ်ခဲ့ရုံမျှမက လူမှုစီးပွားဘဝများ၊ သယ်ယူ ပို့ဆောင်ရေးများ၊ စွမ်းအင်များ၊ ဆက်သွယ်ရေးများ ပျက်စီး၊ ပြတ်တောက်ခဲ့ရသည်။ ပြည်သူများ၏ စိတ်ဓာတ်ခွန်အား ထိခိုက်စေခဲ့သလို ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုလည်း ရိုက်ခတ်မှု အထိုက်အလျောက် ဖြစ်စေခဲ့သည်။ စီးပွားရေးကဏ္ဍတွင် လမ်းတံတား အခြေခံအဆောက်အအုံများ၊ MSME များ၊ စက်ရုံအလုပ်ရုံများအပါအဝင် စီးပွားရေးလုပ်ငန်းကြီးများ ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကိုင်းပြတ်ရွေ့ကြောကြီးသည် သက်ဝင်လှုပ်ရှားနေဆဲဖြစ်ပြီး ယခုရက်ပိုင်းအတွင်းမှာပင် အင်အား အသင့်အတင့်ရှိသည့် ငလျင်အချို့ လှုပ်ခတ်သွားခဲ့သည်။ ငလျင်လှုပ်ပြီး တစ်နှစ်ပြည့်မြောက်သည့် ယခုကာလတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။ မိမိတို့နိုင်ငံသည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားသည့် နိုင်ငံဖြစ်သည့် အလျောက် အနာဂတ်တွင် တွေ့ကြုံလာနိုင်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်နိုင်ရန် သဘာဝ ဘေးအန္တရာယ်မြင့်မားမှုရှိနေသည့် နေရာပြအမျိုးသားအဆင့် မြေပုံရေးဆွဲပေါ်ထွက်လာရေး၊ အချက်ပေးစနစ်များ တပ်ဆင်ရေး၊ ဘေးအန္တရာယ်ဒဏ်ခံနိုင်ရည်ရှိသော ခိုလှုံရေးစင်တာများ တည်ဆောက်ရေး စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
မိမိတို့နိုင်ငံနှင့် မိမိတို့ပြည်သူများမှာ ကြီးမားပြင်းထန်သည့် သဘာဝဘေးအန္တရာယ်ကြီးများ ကျရောက်သည့် အတွေ့အကြုံနှင့် ပြန်လည်ထူထောင်မှုအတွေ့အကြုံများရှိပြီးဖြစ်ရာ အနာဂတ် ကာလတွင် ဘေးအန္တရာယ်ဟူသမျှကို ကြံ့ကြံ့ခံရင်ဆိုင်ကျော်လွှားနိုင်သည့် နိုင်ငံနှင့် ပြည်သူများအဖြစ် ဖန်တီးတည်ဆောက်ကြရပါမည့်အကြောင်း။


