နေပြည်တော် မတ် ၂၈
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား ရည်စူး၍ တစ်နှစ်ပြည့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ သာသနာ့မဟာ ဗိမာန်တော်ကြီး ဆွမ်းစားကျောင်း ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင် ကျောင်းတိုက် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက် ချီးမြှင့်တော်မူကြပြီး အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒေါက်တာကံဇော်၊ ဒေါက်တာ ဝါဝါမောင်၊ ဒေါက်တာသီတာဦး၊ ဦးတင်ဦးလွင်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာမျိုးသိန်းကျော်၊ ဦးမျိုးသန့်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီး ပရိယတ္တိ စာသင်တိုက် ပဓာနနာယက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဩဝါဒါစရိယဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာဒိစ္စဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများက လယ်ဝေးမြို့နယ် ပေါက်မြိုင်ကျောင်းတိုက် ဆရာ တော်အမှူးပြုသော ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်စည်သာ ပရိယတ္တိစာသင်တိုက် ပဓာန နာယကဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဝိစက္ခဏထံမှ အနု မောဒနာတရား နာကြား၍ မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပျံလွန်၊ ကွယ်လွန်ခဲ့ကြရသည့် ရဟန်း၊ ရှင်၊ လူ ပြည်သူများ အားရည်စူးပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


