နေပြည်တော် မတ် ၂၈
တောင်သူများ ကြုံတွေ့နေကြရသော လယ်ယာကုန်ထုတ်လုပ်မှုဆိုင်ရာ အတွေ့အကြုံများကိုနှီးနှော ဖလှယ်နိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများတွင် ကြုံတွေ့ရသော အခက်အခဲ ပြဿနာများအား ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ညှိနှိုင်းအဖြေ ရှာနိုင်စေရန် ရည်ရွယ်ကျင်းပသည့် (၁၀၈)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့တွင် ဇေယျာသီရိမြို့နယ် စိုက်ပျိုး ရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က တောင်သူကြီးများအနေဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို လုံလောက် စွာသုံးစွဲနိုင်ကြစေရန် မိမိတို့ကိုယ်တိုင် မျိုးစေ့ထုတ်သည့်ကဏ္ဍတွင် ပါဝင်ကြရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုး ထုတ်လုပ်မှုကိုရရှိစေရန် လောင်စာဆီအသုံးပြုရသည့် စက်အင်အား ကို ထိရောက်အောင်သုံးစွဲပြီး စက်ဖြင့်ဆောင်ရွက်၍ မရနိုင်သော အနုစိတ်လုပ်ငန်းများကို တိရစ္ဆာန် အင်းအားဖြင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြေကြီးတွင် မျှတသည့် ရေနှင့်လေ ရှိရန်လိုအပ်ကြောင်း၊ ရေကိုလှောင်၍ ရေဝပ်အောင်ထားပြီး မြေပြင်သည့်နည်းသည် မီသိန်း ဓာတ်များထွက်ရှိနိုင်သည့်အတွက် ထွန်ရေးညက်မှ ရေသွင်း၍ လယ်လူးခြင်း ပြုလုပ်ရန်၊ တောင်ယာများ မီးမရှို့ကြရန်၊ သဘာဝပျားများ မဖွတ်ကြရန်၊ လူစာ၊ တိရစ္ဆာန်စာ၊ မြေစာ၊ ပျားစာ ပင်များနှင့် အရင်းကျေသီးနှံများဖြစ်သော ဟင်းသီးဟင်းရွက်ကို ကွက်လပ်မကျန် ကန်သင်းရိုးတွင် စိုက်ပျိုးကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း တောင်သူကြီးများ၏ လိုအပ်ချက်ကို အခြေခံသည့် တီထွင်ဆန်းသစ်မှု ဆောင်ရွက်ရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိရန် မရိတ်သိမ်းခင် အပင်ရေ ပြည့်၊ မပြည့် ပြန်လည်စစ်ဆေးခြင်း၊ အသုံးချသုတေသနကို ပြန်လည် ဖွဲ့စည်း ဆောင်ရွက်ခြင်းနှင့် ၂၀၂၆-၂၀၂၇ တွင် “မြေဆီဩဇာ ရှင်သန်ထက်မြက်ရေး စီမံကိန်း” ကို ဆောင်ရွက်ရန်၊ စိုက်ပျိုးရေး သိပ္ပံကျောင်းများအနေဖြင့် စိုက်ပျိုး ပညာပေးရေးနှင့် နည်းပညာ ပြန့်ပွားရေး ဘာသာရပ်နှင့် ပတ်သက်၍ သေချာစွာ သင်ကြားမှုပေးခြင်း၊ ပညာရှင်များ အနေဖြင့် မိမိတို့သိထား တတ်ထားသည်များကို တောင်သူများ နားလည်အောင်ပြောရန် များစွာ အရေးကြီးကြောင်း၊ စိုက်ပျိုး ပညာပေးအနေဖြင့် တောင်သူလယ်သမား လက်စွဲစာစဉ်များ၊ သက်ကြီးဖတ်စာများနှင့် လက်ကမ်းစာစောင်များ ရေးသားထုတ်ဝေရန် လိုအပ်ကြောင်း၊ AI နှင့် မိုဘိုင်း နည်းပညာကို ထိရောက်စွာသုံးစွဲခြင်းနှင့် တောင်သူလယ်သမား များပါဝင်သော သုတေသနများ ပြုလုပ်ရန် မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ စိုက်ပျိုးရေးသုတေ သနဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီး ဌာန၊ စီမံကိန်းဦးစီးဌာန၊ တိုင်းဒေသကြီးပြည်နယ်များမှ အွန်လိုင်းဖြင့် တက်ရောက်နေသော ပညာရှင် များက ရေသွင်း၊ ရေခမ်းစနစ်၊ သီးနှံကာကွယ်ရေး၊ အိမ်ခြံဝင်း ဥယျာဉ်၊ ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေးဓာတ်ကြွင်းအာနိသင်၊ အစားအစာဘေးအန္တရာယ် ကင်းရှင်းရေး၊ အဝါရောင်မှိုစိမ့်ရောဂါဒဏ် ခံနိုင်သော မျိုးများရွေးချယ် စိုက်ပျိုးရန်၊ နေကြာသီးနှံ၊ စပ်မျိုး ပြောင်းသုတေသန၊ စပါးသီးနှံနှင့် ပတ်သက်၍ စပါးမျိုးကောင်း မျိုးသန့်စိုက်ပျိုးခြင်းနှင့် တောင်သူ ပူးပေါင်းပါဝင်သော စပါးမျိုးစေ့ ထုတ် လုပ်ငန်းများ၊ မျိုးရွေးချယ်ခြင်းလုပ်ငန်းများ၊ ရာသီမရွေး စိုက်ပျိုးနိုင်ပြီး အထွက်ကောင်းဗီဇ များထည့်သွင်းထားသော ရေဆင်းပေါ်ဆန်း(၁)၊ ပေါ်ဆန်း(၂)၊ တောင်သူ များအား လူထုဆက်သွယ်ရေး မီဒီယာကိုအသုံးပြု၍ နည်းပညာ ဖြန့်ဝေရေး၊ တန်ဖိုးမြင့်ထုတ်ကုန် ထုတ်လုပ်ခြင်း၊ ဈေးကွက်စီးပွားရေးစနစ်၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး စသည့်အကြောင်းအရာ များကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်များ၊ တာဝန်ရှိသူများနှင့် သုတေသီပညာရှင်များ၊ စိုက်ပျိုးရေး တက္ကသိုလ်မှ ပါမောက္ခများနှင့် ဆရာ ဆရာမများ တက်ရောက်ကြ ပြီး တိုင်းဒေသကြီးပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင် များနှင့် တောင်သူ ၂၄၈ ဦးတို့က zoom point (၁၀၀)မှ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


