နေပြည်တော် မတ် ၃၀
သီးနှံများအတွက် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာနှင့် မြေပြုပြင် မြေဩဇာများ စနစ်တကျ သုံးစွဲရေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ပျဉ်းမနားမြို့နယ် သနပ္ပင်ဆိပ်ကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန တောင်သူ နည်းပညာပေးစင်တာ၌ ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲသို့ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား)မှ ဒေါက်တာအိအိခိုင်က သီးနှံများအတွက် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ စနစ်တကျ ရောစပ်၍ သုံးစွဲရေးကိုလည်းကောင်း၊ ဒေါက်တာ Farmer (တို့တောင်သူ) မြေပြုပြင်မြေဩဇာ ထုတ်လုပ်ရေးမှ ဒေသမန်နေဂျာ ဦးခင်ဆွေနှင့် ဦးအောင်မြင့်သန်းတို့က သီးနှံများအတွက် လိုအပ်သော အနည်းလိုအာဟာရဓာတ်များအတွက် မြေပြုပြင်မြေဩဇာများကို မြေခံအဖြစ်သုံးစွဲရေးနှင့် ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများနှင့်ရောစပ်၍ အသုံးပြုနိုင်ရေးများကို လည်းကောင်း ဆွေးနွေးကြသည်။
ဆွေးနွေးပွဲသို့ ဒေသခံတောင်သူ ၅၀ ခန့်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်ဝန်ထမ်းများ၊ ပျဉ်းမနားသကြားစက်မှ ကြံစိုက်ပျိုးဝယ်ယူရေး ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


