တောင်ကြီး မတ် ၃၀
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ၁၃၈၇ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ကပြယှဉ်ပြိုင်နိုင်ရန် ပြည်နယ်စည်ပင်သာယာရေးဌာနကိုယ်စားပြု ယိမ်းအကအဖွဲ့ အကလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် သပြေလမ်းထောင့်၌ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန မဏ္ဍပ်ဆောက်လုပ်နေမှု၊ လမ်းလျှောက် သင်္ကြန်ဆောင်ရွက်မည့်နေရာနှင့် ဗဟိုမဏ္ဍပ် ဆောက်လုပ်နေမှု၊ အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်းဝင်းအတွင်း ပြိုင်ပွဲဝင်နှင့် ဖျော်ဖြေရေး ယိမ်းအကအဖွဲ့များ နားနေနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဗိုလ်ချုပ်ပန်းခြံရှေ့၌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်လူမှုရေးဝန်ကြီးဌာနမဏ္ဍပ်၊ ရှမ်းတောင်ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမဏ္ဍပ်၊ ငွေတောင်ဟိုတယ်ရှေ့၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာနမဏ္ဍပ်နှင့် ပြည်နယ်စိုက်ပျိုးရေးရုံးရှေ့၌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန မဏ္ဍပ်များ ဆောက်လုပ်နေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
တောင်ကြီးမြို့ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စားပြု ယိမ်းအကအဖွဲ့၊ တောင်ကြီးတက္ကသိုလ်ယိမ်းအကအဖွဲ့၊ ဆေးတက္ကသိုလ် (တောင်ကြီး) ယိမ်းအကအဖွဲ့၊ ပညာရေးကိုယ်စားပြု ပိတောက်ဒေဝီယိမ်းအကအဖွဲ့၊ ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအကအဖွဲ့နှင့် ရပ်ကွက်အလိုက် ကိုယ်စားပြု ယိမ်းအကအဖွဲ့များ ပါဝင်ယဉ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


