ရန်ကုန် မတ် ၃၀
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးအဖွဲ့ (သင်္ဃန်းကျွန်းခရိုင်) က ကြီးမှူး ကျင်းပသည့် ဒုတိယအကြိမ် အီဒ်းမိတ်ဆုံစားပွဲ အခမ်းအနားကို မတ် ၂၈ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ဂဖူးကွေ့ဒါရ်ဂါ စွန္နီဂျာမေဗလီ၌ ကျင်းပသည်။
ဖွင့်လှစ်
ဦးစွာ ဂဖူးကွေ့ဒါရ်ဂါစွန္နီ ဂျာမေ ဗလီ၏ ရှေ့ဆောင်ဆရာကြီး မွဖ်သီကရင်ဆပ်က ကုရ်အာန် ကျမ်းမြတ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုဒုတိယဥက္ကဋ္ဌ ဟာဂျီ ဦးဗိုလ်ဗိုလ်မောင်က အမှာစကားပြောကြားပြီး အီဒ်းမိတ်ဆုံစားပွဲသို့ အလှူငွေကျပ် ငါးသိန်းပေးအပ် လှူဒါန်းသည်။
ထို့နောက် သင်္ဃန်းကျွန်းခရိုင် ဥက္ကဋ္ဌ ဦးကျော်စည်သူက ဒါရ်ဂါ စွန္နီဂျာမေဗလီသို့ အလှူငွေကျပ် တစ်သိန်း ပေးအပ်လှူဒါန်းသည်။ ဒါရ်ဂါစွန္နီဂျာမေဗလီ၏ ရှေ့ဆောင် ဆရာကြီး မွဖ်သီကရင်ဆပ်က အထူးဒိုအာ ဆုတောင်းပေးခဲ့ပြီး အီဒ်းမိတ်ဆုံစားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သိရသည်။
နိုင်လင်းအောင်(ပြန်/ဆက်)


