တောင်ငူ မတ် ၃၀

 

မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် တောင်ငူမြို့နယ် မြတ်စောညီနောင်စေတီတော်မြတ်ကြီး နောင်တော်စေတီတော် စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ငှက်ပျောဖူးတော်တို့အား ရွှေစင်ရွှေပြား ဆက်ကပ်လှူဒါန်းပူဇော်ခြင်း မင်္ဂလာနှင့် ဗုဒ္ဓါ ဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက နောင်တော်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပသည်။

 

လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်

ဦးစွာ နောင်တော်စေတီတော်မြတ်ကြီး ပြန်လည်ပြုပြင် တည်ဆောက်ခြင်း၊ စိန်ဖူးတော်သစ်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ ငှက်ပျောဖူးတော် တို့အား ရွှေစင်ရွှေပြား ဆက်ကပ်လှူဒါန်းပူဇော်နိုင်ရေးနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပွဲ ကျင်းပနိုင်ရေးအတွက် အလှူတော်ငွေကျပ် သိန်းပေါင်း ၈၀၀၀ ကျော် လှူဒါန်းပေးသော အလှူဒါယကာ CB Bank ဥက္ကဋ္ဌ ဦးခင်မောင်အေး + ဇနီး ဒေါ်ဝတ်ရည်အေးမိသားစုနှင့် ဧည့်ပရိသတ်များက သီတဂူဆရာတော်ကြီးနှင့် သံဃာတော်အရှင်မြတ် များထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး မေတ္တသုတ် ပရိတ် တရားတော်ကို နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်သည်။

 

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်အပ်ချည်များကို ယူဆောင်၍ စေတီတော်ရင်ပြင်တွင် ပက်ဖျန်း ချည်နှောင်ပြီး ဆရာတော်အရှင်မြတ်များထံ စိန်ဖူးတော်သစ်နှင့် ငှက်မြတ်နားတော်၊ ရွှေထီးတော်များကို ယာယီစံကျောင်းမှ ပန်းရထား ဖြင့် ပင့်ဆောင်မည့် မင်္ဂလာမဏ္ဍပ်သို့ စေတီတော်ကို လက်ယာရစ် တစ်ပတ်ပတ်ပြီး ပင့်ဆောင်သည်။ ထို့နောက် အလှူရှင်များက သတ်မှတ် နေရာအသီးသီးတွင်နေရာယူ၍ ထီးတော် ဘုံအဆင့်များ၊ ငှက်မြတ် နားတော်နှင့် စိန်ဖူးတော်သစ်တို့ကို ပန်းရထားဖြင့် အစီအစဉ်အတိုင်း တင်လှူပူဇော်ပြီး ဆရာတော်အရှင်မြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)