မောင်လူမွှေး (မြန်မာမှု)

 

မြန်မာမှု ဟူသောဝေါဟာရသည် အနက်အဓိပ္ပာယ် ကျယ်ပြန့်လှပေ၏။ သို့သော် “မြန်မာမှု” ဆိုသည်နှင့်တစ်ပြိုင်နက် ဘာကိုဆိုလိုသည်ဟုလည်း သဘောပေါက်သိလွယ်ကြပါ၏။

 

ဥပမာ လယ်ယာကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ၊ ကျောင်းကန်ဘုရား၊ စုံစီနဖာ စသည့်နာမ်ပေါင်းဝေါဟာရများသည် အတိအကျပြောရန် ခက်သော်လည်း မြန်မာတိုင်း သိကြသည်။ သဘောပေါက်ကြသည် ဟုဆိုရာ၏၊

 

ထိုသို့ပင် မြန်မာမှုဆိုသည်မှာလည်း မြန်မာတို့၏ ပြုမူလုပ်ကိုင် ပြောဆိုကျင့်သုံးမှုများပင်ဖြစ်ပေသည်။ သို့သော် ထိုပြုမူပြောဆို လုပ်ကိုင်ရာရာတိုင်းကို မြန်မာမှုဟု ခေါ်ဆို၍မရပေ။

 

ဥပမာ ထမင်းစားကြသည်ဆိုသောအရာကို မြန်မာမှုဟုဆို၍ မရပေ။ ထမင်းစားနေစဉ် ဧည့်သည်တစ်ဦးဦး ရင်းနှီးသူတစ်ဦးဦး ရောက်လာသောအခါ “လာစားပါဦး” “ဘာဟင်းနဲ့စားကြတုံး” ဟုဆို၍ ဖိတ်မန္တကပြုခြင်း၊ မေးမြန်းခြင်းသည်သာ မြန်မာ့ယဉ်ကျေးမှု (မြန်မာမှု) ဖြစ်ပေသည်။

 

ရှေးခေတ်က ဒေါင်းလန်းကြီးနှင့် မိသားစုလိုက် ထမင်းစားကြသည်လည်း မြန်မာမှုပင်ဖြစ်သည်။ သို့သော် ကိုယ့်အတွက်မပါဘဲ “စားပါ ဦးလား”လို့ ပြောရပါ့မလား၊ “ဘာဟင်းနဲ့စားကြတုံး” ဆိုတာ သူတစ်ပါးတို့ရဲ့ ကိုယ်ရေးကိုယ်တာကို စပ်စုတာပဲ၊ ဒေါင်းလန်းကြီးပေါ် ထမင်းဟင်းတွေပုံပြီး မိသားစုဝိုင်းစားကြသည်ကို ကျန်းမာရေးအရ မကောင်းဘူးပေါ့ဟူသောအမြင်မျိုး ရှုထောင့်မျိုးနှင့် သုံးသပ်ပါက ထိုမြန်မာမှု (ဓလေ့ထုံးတမ်း ယဉ်ကျေးမှု) ပျက်တော့၏။

 

ယနေ့တိုင် ကျေးလက်တောရွာဒေသများတွင် (ဒေါင်းလန်းနှင့် မစားကြတော့သည်မှအပ) လောကွတ်အရ ဖိတ်မန္တကပြုခြင်း၊ မေးမြန်းခြင်း စသည့်ဓလေ့များမှာ ရှိနေဆဲဖြစ်သည်။    

 

ထိုသို့သော ပြောဆိုလုပ်ကိုင်ကျင့်သုံးနေထိုင်မှု စသည့်မြန်မာမှုများကား … အကြောင်းအရာအလိုက် ကဏ္ဍအလိုက်များလှပါဘိ။ အကျဉ်းချုပ်ရပါက စာပေအနုပညာ ယဉ်ကျေးမှု (ဓလေ့ထုံးတမ်းများ) အစုစုတို့မှ ဖြာထွက်သော အကြောင်းအရာများ ဖြစ်ပေသည်။

 

ဗုဒ္ဓဘာသာကိုအခြေခံ၍ ပေါ်ပေါက်လာသော မြန်မာမှုများ

 

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှု စတင်လာခဲ့သည်မှာ နှစ်ထောင်ချီ၍ရှိခဲ့ပေပြီ။ ကြာခဲ့ပေပြီ။ ထိုစာပေအနုပညာ ယဉ်ကျေးမှုဓလေ့ထုံးစံစသည်တို့မှာ ဗုဒ္ဓဘာသာကိုအခြေခံ၍ ပေါ်ပေါက်လာသော မြန်မာမှုများဖြစ်ပေသည်။

 

ဆရာကြီး ဒေါက်တာသန်းထွန်း ဂျပန်နိုင်ငံတွင် သမိုင်းပညာရှင်အဖြစ်နေခဲ့စဉ် ဂျပန်လူမျိုးတို့၏ စားသောက်နေထိုင်မှု၊ ဝတ်စား ဆင်ယင်မှု၊ ယုံကြည်ကိုးကွယ်မှု စသည်များကို မှတ်တမ်းပြုထားသည်ကို ဂျပန်မှု ၁၀၀ အတွဲ ၁၊ အတွဲ ၂ ဟု ထုတ်ဝေထား၏။ ဂျပန်နိုင်ငံ တည်ဆောက်မှုတွင် ထိုဂျပန်မှုများသည် မည်မျှအရေးပါကြောင်းကိုလည်း သမိုင်းပညာရှင်ပီပီ အမြွက်မျှ ဖော်ပြထား၏။

 

ဤသို့ပင် မြန်မာနိုင်ငံအနေဖြင့်လည်း လွတ်လပ်ရေးရပြီးခါစမှ စတင်ကာ မြန်မာမှုများ မည်မျှအရေးပါကြောင်းနှင့် ထိုမြန်မာမှုများကို ထိန်းသိမ်းရမည်ဟူသော မူဝါဒကို ချမှတ်ခဲ့ကြပေသည်။

 

လွတ်လပ်ရေးရရှိပြီး တိုင်းပြုပြည်ပြု ဗလငါးတန်ဖွံ့ဖြိုးမှု (ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ) များကို ကြိုးပမ်းလုပ်ဆောင်ကြရာတွင် (ဆိုရန်တိုဗီလာစီမံကိန်းအရ) မြန်မာမှုများ အရေးပါပုံကို သခင်နုက အောက်ပါအတိုင်း ရေးသားထားလေသည်။

 

“ဒဂုဏ်ပဦးဘတင်၏ အသံလွှင့်ချက်များကို စုပေါင်းထုတ်ဝေသောစာအုပ်တွင် ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများပါဝင်၍ စာဖတ်ပရိသတ်တို့ အကျိုးများမည်မှာ ယုံမှားဖွယ်ရာမရှိပေ။ မြန်မာဂီတ၊ သဘင် စသည်များကို စိတ်ဝင်စားသူတို့သည် ဤစာအုပ်ကို အထူးဂရုပြု ဖတ်ရှုကြစေလိုပါသည်” ဟု ဒဂုဏ်ပအသံမြန်မာမှု စာအုပ်နိဒါန်းတွင် အမှာစာရေးသားလေသည်။

 

ဆရာကြီး ဦးဖိုးလတ်၏ ရှေးဟောင်းမြန်မာရာဇဝင်နှင့် ယဉ်ကျေးမှုသုတေသနစာ နိဒါန်းတွင်လည်း … သုတေသနပြုသူတို့၏ စေတနာ စိတ်ထားကောင်းသော်လည်း အချို့နေရာတွင် မှားယွင်းချွတ်ချော်မှုများကြောင့် လိုရင်းမရောက်ဖြစ်ပြန်တတ်သည်။ မြန်မာစာ မြန်မာမှုတို့နှင့် ပွန်းတီးခြင်းရှိသည့် တိုင်းရင်းသားများ ပြည်ထောင်စုဖွားများ လိုအပ်ပေသည်ဟု နိဒါန်းချီထားသည်ကိုလည်း တွေ့ရပေသည်။ ထိုစာအုပ်ပါ အကြောင်းအရာများမှာ ရှေးဟောင်းမြန်မာရာဇဝင်နှင့် ယဉ်ကျေးမှုသုတေသနဆိုင်ရာ စာပေများဖြစ်ပါသည်။ 

 

ကဗျာကဝိစာဆို ဆရာကြီးမင်းသုဝဏ်ကလည်း ... လူမျိုး၏စာပေ၊ လူမျိုး၏ယဉ်ကျေးမှု၊ လူမျိုး၏အနုပညာ၊ လူမျိုး၏ဓလေ့ထုံးစံတို့နှင့် စပ်ဆိုင်သော ဆောင်းပါးများ၊ ဟောပြောချက်များ၊ စာတမ်းစသည်များသည် ယဉ်ကျေးမှုနှင့် စာပေရေးရာ မြန်မာစာ မြန်မာမှု ဖြစ်ပါကြောင်းကို သူ၏စာအုပ်တွင် အညွှန်းဆိုထားပါသည်။

 

ကြည်ဦး၏ ရှေးထုံးစဉ်လာ မြန်မာမှုများစာအုပ်တွင် - ဘိသိက်သွန်းလောင်းခြင်း၊ ဘုရားကိုးဆူပူဇော်ခြင်း၊ မနုဿီဟရုပ်တု၊ ငါးကြင်းမြီး၊ ဟင်္သာရုပ်ကွမ်းခွက်၊ လောကနတ်၊ စန္ဒရမြားကြိုး၊ လမိုင်းစသည်တို့ကို မြန်မာမှုအဖြစ် ရေးသားခြယ်ပြထားလေသည်။

 

ဦးတင်လှကလည်း - ထိုးကွင်းမင်ကြောင်၊ ပတ်ခြောက်ဝိုင်း၊ ရုပ်သေးသဘင်၊ ကျောက်ပြင်၊ သနပ်ခါး၊ ဇရပ်၊ မြန်မာစာရေးကိရိယာ၊ ရှေးဟောင်းမြန်မာလက်မှုပညာ၊ မြန်မာအိုးခွက် စသည်တို့ကို မြန်မာမှုဆိုင်ရာများအဖြစ် ဖွင့်ဆိုထားလေသည်။ ဤအချက်အလက်များကို အကြောင်းပြု၍ မြန်မာမှုဆိုင်ရာများသည် အရာရာနှင့် ဆက်စပ်နေမှုရှိသည်ဟု ဆိုရပေမည်။

 

မြန်မာမှု ဟူသော ဝေါဟာရသည် အလျဉ်းသင့်သလို ပါလာစမြဲဖြစ်

 

မြန်မာမှု ဝေါဟာရအဓိပ္ပာယ်အောက်တွင် ဘာသာရေးစာပေ အနုပညာယဉ်ကျေးမှုစသည်များ အများအပြားပင်ရှိလေသည်။ ခေတ်အဆက်ဆက် ဘာသာရေး၊ သမိုင်းရာဇဝင်၊ အနုပညာ၊ ယဉ်ကျေးမှု စသည်တို့တွင် မြန်မာမှုဟူသော ဝေါဟာရသည် အလျဉ်းသင့်သလို ပါလာစမြဲ ဖြစ်ပေသည်။

 

ဤဝေါဟာရသည် မည်သည့်ခေတ်ကာလလောက်မှ ပေါ်လာသနည်းဟု သုတေသနပြုမိရာ အင်းဝခေတ်ကပင် စတင်သုံးစွဲကြောင်း တွေ့မိပါသည်။

 

အင်းဝခေတ် စာဆိုတော် ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့တွင်- …သက္ကသကြ၊ မာဂဓနှင့်၊ သက္ကတဘာသာ၊ ဝေါဟာအပြား၊ ဤနှစ်ပါးတွင်၊ အိအားအက္ခရာ၊ လွဲကာလည်းပြု၊ မြန်မာမှုဖြင့်၊ ယခုလူတွင်၊ သိကြားထင်သည်…(စာ ၁၇၂)

 

စာဆိုဆရာတော်၏ဆိုလိုချက်မှာ - “မူလပါဠိ မဂဓဘာသာ၊ သက္ကတဘာသာဝေါဟာရကို အိကာရန် အားကာရန် ပေါင်းစပ်ပြီး (ပါဠိသဒ္ဒါတွင် အသဝဏ်ပြုသည်ဟု နည်းစနစ်တစ်မျိုးရှိ၏။ ထိုသဘောမျိုး ဖြစ်သည်။) တို့မြန်မာတွေက “သိကြား”လို့ “မြန်မာမှု ပြုရေးတယ်” လို့ ဆိုလိုခြင်းဖြစ်ပေသည်။

 

ပုဂံ၊ ပင်းယ၊ အင်းဝခေတ်ကပင် သိကြားမင်းဟု မြန်မာမှုပြုခဲ့သော ပါဠိပျက် …ပါဠိသက် ဝေါဟာရမျိုးသည် ၂၀ ရာစုခေတ် (၁၉၆၈) ခုနှစ် ဝန်းကျင်အထိ မြန်မာမှုပြုသော (ပါဠိပျက်-ပါဠိသက်) ဝေါဟာရ စကားလုံးပေါင်းမှာ ၃၅၅၉-ပုဒ် ရှိလေသည် (ဦးထွန်းမြင့်ပါဠိသက် ဝေါဟာရ အဘိဓာန်ရှု)။ အခြားသော ပါရှန်း၊ အိန္ဒိယ၊ တရုတ်၊ တိဘက်၊ ထိုင်း၊ အင်္ဂလိပ် စသည့်ဝေါဟာရကို မြန်မာမှုပြုထားသည်များလည်း အများပင်ရှိပေသည်။

 

ဤသို့ပင်ဆရာတော်သည် မြန်မာစာပေနှင့်ဆက်စပ်၍ သံဝရပျို့တွင်လည်း - …ဤမှရွေ့မွေ့၊ ကြွေ့လည်းဝဆွဲ၊ မကွဲငွေ့တူ၊ ဟူလင့်ကစား၊ နှစ်ပါးယှဉ်ထ၊ ဟရမလို၊ ဝကိုချည်းသာ၊ ဧကာရန္တ၊ မြန်မာ့အမှု (မြန်မာမှု) မှတ်တစ်ခုဖြင့်၊ စေ့ငုရှာဖွေ၊ ရတတ်စေလော့၊ ကြံနေသင်းသီး၊ သည်ကိုမှီး၍၊ အသီးဆန်းပြား၊ ချဘွယ်များလည်း၊ မရှားလေသေး၊ သပ်ကြောင်းပေးသည်။    ။ နည်းရှေ့ဥပဒေသတည်း။ (ပိုဒ်ရေ-၁၆၅)

 

အထက်စာပိုဒ်ပါအကြောင်းအရာမှာ “သင်ပုန်းကြီးသင်ရိုးနှင့် သတ်ပုံရေးထုံးကို ခွဲခြားသိဖို့နှင့် သံယုဂ်ဖြစ်သော ပင့်ရစ် ဟထိုး ဝဆွဲတို့ကို ပိုင်နိုင်စွာ ရေးတတ်ဖို့နှင့် ဤကဲ့သို့သော အကြောင်းအရာများသည် အများအပြားပင်ရှိသေးသည်။ သပ်ကြောင်းနှတ်ကြောင်းမျှသာ ပေးထားတာဖြစ်တယ်။ ဒီလိုစာပေအရေးအသား မြန်မာမှုတွေ အများကြီးရှိသေးတယ်။ နည်းရယုံလောက်လှစ်ဟပြထားပါတယ်” ဟု ဆိုလိုရင်းဖြစ်ပေသည်။ (ထိုအကြောင်းအရာကို ရှင်မဟာရဋ္ဌသာရ၏ နှစ် ၅၅၅-ပြည့်် အခမ်းအနားတွင် စာရေးသူ စာတမ်းဖတ်ကြားခဲ့ပါသည်)

 

ဤသည်မှာ စာပေအကြောင်းအရာထဲမှ သင်ပုန်းကြီးရေးထုံးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော မြန်မာမှု တစ်စိတ်တစ်ဒေသ ဖြစ်ပါသည်။ ဤကဲ့သို့ပင် အနုပညာယဉ်ကျေးမှုဆိုင်ရာ မြန်မာမှုများသည်လည်း အများပင်ရှိပေသည်။ 

 

သတ္တလောကကြီးသည် အစဉ်အမြဲပြောင်းလဲနေသည်။ တိုးတက်သော ခေတ်ရှိသလို ဆုတ်ယုတ်ပျက်ပြားသွားသော ကာလများလည်း တိုင်းပြည်နိုင်ငံအလိုက် ရှိကြမြဲဖြစ်ပေသည်။

 

အချို့သော ရိုးရာဓလေ့များသည် ခေတ်လူ့အဖွဲ့အစည်း တိုးတက် ပြောင်းလဲလာသည်နှင့်အမျှ တိမ်မြုပ်ပျောက်ကွယ်သွားကြသည်။ ရှေးခေတ်ယောက်ျားများမှာ ထိုးကွင်းမင်ကြောင်ထိုးကြသည့် ဓလေ့ရှိပေသည်။ ထိုဓလေ့သည် ယောက်ျားပီသခြင်း၊ ခံနိုင်ရည်ရှိခြင်း စသည့် အချက်အလက်များကိုအခြေခံ၍ တည်တံ့ခဲ့ခြင်းဖြစ်ပေသည်။ ယနေ့ မြန်မာလူငယ်များကို ထိုစံဖြင့် တိုင်းတာဆုံးဖြတ်၍ မရတော့ပေ။

 

ထို့အတူ မိန်းကလေးများအနေဖြင့်လည်း ဝါဖတ်ဗိုင်းငင်၊ ရက်ကန်းစင်ဝင် စသည့်လုပ်ဆောင်ချက်များရှိမှ မိန်းကလေးအင်္ဂါများ ပြည့်စုံပြီဟု သတ်မှတ်သောခေတ် မဟုတ်တော့ပေ။

 

မြန်မာမှုဆိုသော်လည်း ယနေ့ခေတ် ဒေါင်းလန်းနှင့် စားနေကြ၍ မဖြစ်တော့ပေ။ ထမင်းစားပြီးပြီလား၊ ဘာဟင်းနှင့်စားသလဲ၊ စားပါဦးလားစသည့် ချစ်စရာ ရပ်ဓလေ့ ရွာဓလေ့များကို ပြည်ပနိုင်ငံကြီးများတွင် သုံး၍မဖြစ်နိုင်ပေ။ 
သို့သော် အချို့သော ရိုးရာဓလေ့ပွဲသဘင်နှင့် အစဉ်အလာကိစ္စရပ်များသည် ယဉ်ကျေးမှုအနေနှင့် ရှိနေကြရမည့် မြန်မာမှုများ ဖြစ်ပေသည်။

 

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ဗလငါးတန် (ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ ဘောဂဗလ၊ မိတ္တဗလ) နှင့် ဆက်စပ်သော စာပေအနုပညာယဉ်ကျေးမှု (စာနုယဉ်) မြန်မာမှုတို့သည် ပူးတွဲ၍ နိဒါန်းသစ်ဖွင့်နိုင်ပါစေသတည်း။ ။