မုံရွာ မတ် ၃၁

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် မုံရွာမြို့ရှိ လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးတတိယနေ့သို့ တက်ရောက်ခွင့်ရှိသည့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရေ စုစုပေါင်း ၈၅ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်းပြည့်ဖြစ်သဖြင့် အစည်းအဝေးအထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေး တက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

 

ထို့နောက် တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ဘုတလင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးအောင်မင်းကျော်သူနှင့် အတွင်းရေးမှူး ဘုတလင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဦးသိန်းသန်းစိုးအပါအဝင် အဖွဲ့ဝင် ၁၁ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို တိုင်းဒေသကြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူ အတည်ပြုကြောင်း ကြေညာသည်။

 

ယင်းနောက် ဥပဒေပြုရေးဆိုင်ရာ ကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် ကျွန်းလှမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမြင့်တင်နှင့် အတွင်းရေးမှူး ရေဦးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ဦးရဲမိုးနိုင် အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို တိုင်းဒေသကြီးလွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးနှင့် လွှတ်တော်အခွင့်အရေးဆိုင်ရာ ကော်မတီတွင်ကော်မတီဥက္ကဋ္ဌ အဖြစ် မုံရွာမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ဒေါ်ကြူကြူစိန်နှင့် အတွင်းရေးမှူး ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးအောင် လင်းဆန်း အပါအဝင် အဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်း၊ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို တိုင်းဒေသကြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

ထို့နောက် အရအသုံးငွေစာရင်း ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီတွင် ကော်မတီဥက္ကဋ္ဌအဖြစ် တန့်ဆည်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ဦးသော်နိုင်ဦးနှင့် အတွင်းရေးမှူး ခန္တီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ဦးမြတ်ကို အပါအဝင် အဖွဲ့ဝင် ၁၃ ဦး၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို တိုင်း ဒေသကြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။

 

အဆိုပါ ကော်မတီ (၄) ရပ် ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းကို လွှတ်တော်အကြီးအမှူးထံ မတ် ၃၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထားပေးပို့ရန် ကြေညာထားပြီး ဖြစ်သော်လည်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မျှ တင်ပြလာခြင်းမရှိသောကြောင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

 

ယင်းနောက် တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ရပ်နား လိုက်ပြီး အစည်းအဝေးစတုတ္ထနေ့ ကျင်းပမည့်နေ့ရက်နှင့်အချိန်ကို ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)