ရန်ကုန် မတ် ၃၁

 

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်) (၂၉)ကြိမ်မြောက်နှင့် အကြိမ်(၃၀)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ခင်စောဦးနှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များက သက်ဆိုင်ရာဝတ်ရုံများဝတ်ဆင်လျက် ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် နေရာယူကြသည်။

 

ထို့နောက် ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံဘွဲ့၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့များအတွက် ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများကို ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာခင်စောဦးက ဘွဲ့များအပ်နှင်းပေးအပ်သည်။

 

ယနေ့ကျင်းပသည့် (၂၉)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံ(ဓာတ်ခွဲ နည်းပညာ) သုံးဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာမဟာသိပ္ပံ (ခန္ဓာသန်စွမ်းမှုနည်းပညာ) နှစ်ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာ ဘွဲ့များဖြစ်ကြသည့် ဆေးဘက်ဆိုင်ရာဓာတ်ခွဲ နည်းပညာ ၃၁ ဦး၊ ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှု နည်းပညာ ၂၈ ဦး၊ ဆေးဘက်ဆိုင်ရာဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ၃၆ ဦး၊ ကျန်းမာရေး သတင်းအချက်အလက်နည်းပညာ ၁၂ ဦး၊ ဓာတ်ရောင်ခြည်ကုသမှုနည်းပညာ သုံးဦးဖြစ်ပြီး အကြိမ်(၃ဝ)မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲနည်းပညာ ၅၅ ဦး၊ ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ ၄၇ ဦး၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာ ၃၉ ဦး၊ ကျန်းမာရေး သတင်းအချက်အလက်နည်းပညာ နှစ်ဦး၊ ဓာတ်ရောင်ခြည်ကုသမှုနည်းပညာ ခုနစ်ဦးတို့ကို ဘွဲ့အပ်နှင်းပေးအပ်ခဲ့သည်။

 

ယခုနှစ်ဘွဲ့နှင်းသဘင်အပါအဝင် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(ရန်ကုန်)မှ မွေးထုတ်ပေးခဲ့သည့် ဆေးနည်း ပညာဘက်ဆိုင်ရာဘွဲ့ရရှိသူများမှာ ဆေးဘက်ဆိုင်ရာ နည်းပညာပါရဂူဘွဲ့ရရှိသူ သုံးဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာ မဟာသိပ္ပံဘွဲ့ ရရှိသူ ၁၆၄ ဦး၊ ဆေးဘက်ဆိုင်ရာ အသံလွန်လှိုင်း ဖြင့်ရောဂါရှာဖွေခြင်းနည်းပညာ ဒီပလိုမာဘွဲ့ရရှိသူ နှစ်ဦး၊ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာဒီပလိုမာဘွဲ့ ရရှိသူ ၃၁ ဦး၊ ဆေးဘက်ဆိုင်ရာနည်းပညာဘွဲ့များဖြစ်ကြသည့် ဆေးဘက် ဆိုင်ရာဓာတ်ခွဲနည်းပညာ ၁ဝ၈၂ ဦး၊ ဆေးဘက်ဆိုင်ရာ ခန္ဓာသန်စွမ်းမှုနည်းပညာ ၉၂၄ ဦး၊ ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့် ပုံရိပ်ဖော်နည်းပညာဘွဲ့ရရှိသူ ၉၅၉ ဦး၊ ကျန်းမာရေးသတင်းအချက်အလက်နည်းပညာဘွဲ့ရရှိသူ ၃၇ ဦး၊ ဓာတ်ရောင်ခြည် ကုသမှုနည်းပညာဘွဲ့ရရှိသူ ၁၉ ဦးနှင့် ဆေးဘက်ဆိုင်ရာခြေတုလက်တုနှင့် အားပြုကိရိယာနည်းပညာဘွဲ့ရရှိသူ ၃၃ ဦးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

သတင်းစဉ်