သံဖြူဇရပ် ဧပြီ ၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဂန္ဓကုဋိတိုက်ကြီး အသစ်ပြန်လည် တည်ဆောက်ခြင်း နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်နှင့် ဇိနမာန်အောင်စေတီတော် ထီးတော်သစ်တင်လှူခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရား၌ ကျင်းပသည်။
ဦးစွာ ကျိုက္ခမီမြို့အလယ် ကျောင်းတိုက်၏ သြဝါဒါစရိယ ဦးစီးပဓာနဖြစ်တော်မူသော အဂ္ဂ မဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ နိုင်ငံတော်သြဝါဒါ စရိယဆရာတော် ဘဒ္ဒန္တ နန္ဒသာရ ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်ကြီးများထံသို့ ထီးတော်၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်များ ကပ်လှူပူဇော်သည်။
ထို့နောက် ဆရာတော်ကြီးများက မေတ္တသုတ်ပရိတ်တော်မြတ် ချီးမြှင့်တော်မူရာ သံဖြူဇရပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးနှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် နံနက် ၈ နာရီတွင် ဇိနမာန်အောင် စေတီတော် ထီးတော်မြတ်အား ဘုံအဆင့်အလိုက် ထီးတော်တင်လှူပြီး ရွေမိုးငွေမိုးရွာသွန်းဖြိုး၍ အခမ်းအနားအပြီးတွင် သံဃာတော် အရှင်သူမြတ် အပါး ၁၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


