ဂျကာတာ   ဧပြီ   ၁

အင်ဒိုနီးရှားအစိုးရက နိုင်ငံအတွင်း လောင်စာဆီသုံးစွဲမှု လျှော့ချရေးဆိုင်ရာ အစီအမံများကို ယနေ့ ကြေညာခဲ့သည်။ နိုင်ငံ့ဝန်ထမ်းများအား တစ်ပတ်လျှင်တစ်ရက် နေအိမ်မှ အလုပ်များကို လုပ်ဆောင်ရန် ညွှန်ကြားထားပြီး အခြားအစီအစဉ်များကိုလည်း စတင်လုပ်ဆောင်နေသည်။

တရားဝင်ယာဉ်အသုံးပြုမှုကို ၅၀ ရာခိုင်နှုန်း ဖြတ်တောက်မည်ဖြစ်ကြောင်းနှင့် လုပ်ငန်းလည်ပတ်မှုအတွက် လျှပ်စစ်ကားများကို အသုံးပြုမည်ဖြစ်ကြောင်း အင်ဒိုနီးရှား၏ စီးပွားရေးဆိုင်ရာ ညှိနှိုင်းရေးဝန်ကြီး အာလန်ဂါ ဟာတာတိုက  ပြောကြားသည်။

 အစိုးရဝန်ထမ်းများသည် လာမည့်နှစ်လအတွင်း သောကြာနေ့တိုင်း နေအိမ်မှ အလုပ်လုပ်ရမည်ဖြစ်သည်။ အဆိုပါမူဝါဒကို ဧပြီ ၁ ရက်တွင်   စတင်ခဲ့သည်။

အင်ဒိုနီးရှားက လက်ရှိအစိုးရ၏ အထင်ကရမူဝါဒဖြစ်သည့် စာသင်ကျောင်းများ၌ အခမဲ့ကျွေးမွေးရေး အစီအစဉ်များကိုလည်း တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။ အစားအစာများ ဖြန့်ဝေပေးမှုကို တစ်ပတ်လျှင် ခြောက်ရက်မှ ငါးရက်အထိ လျှော့ချမည်ဖြစ်သည်။

အဆိုပါ အစီအစဉ်သည် အစိုးရ နှစ်စဉ်အသုံးစရိတ်၏ ကိုးရာခိုင်နှုန်းနီးပါးဖြစ်ကြောင်း သိရသည်။ အစိုးရက ထောက်ပံ့ထားသော စက်သုံးဆီများကို ယာဉ်တစ်စီးလျှင် တစ်ရက် ၅၀ လီတာအထိ ကန့်သတ်ထားသည်။ ၎င်းအစီအစဉ်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် မော်တော် ယာဉ်များ မပါဝင်ပေ။

အင်ဒိုနီးရှားသည် ၎င်း၏ နိုင်ငံပိုင် ရေနံကုမ္ပဏီအား ထောက်ပံ့ ပံ့ပိုးပေးခြင်းဖြင့် လောင်စာဆီဈေးနှုန်းကို ကာလအတန်ကြာအောင် ထိန်းထားနိုင်ခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်