မြစ်ကြီးနား ဧပြီ ၁
ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်)တွင် ကျရောက်တော့မည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့၌ မိရိုးဖလာ ယဉ်ကျေးမှုနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုနှစ်တွင် ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင် လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပသွားမည် ဖြစ်သည်။
ယခုနှစ်တွင် မဟာသင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမကြီး ကျောက်စိမ်းတုံးမီးပွိုင့်မှ မီးရထားသံကူးနေရာအထိ လမ်းအရှည်ပေ ၉၅၀ ပေါ်တွင် ဗဟိုမဏ္ဍပ်ကို တည်ဆောက်လျက်ရှိပြီး လမ်းလျှောက်သင်္ကြန်ပွဲတော်ကိုလည်း အဆိုပါ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း စတုဒိသာမဏ္ဍပ်များ၊ မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ရိုးရာသနပ်ခါး (နံ့သာလိမ်းခြယ်) မဏ္ဍပ်များနှင့် လောင်းလှေများဖြင့် ရေပက်ကစားနိုင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးလှမိုးက ပြောသည်။
ထို့အတူ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်ရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဂါလန် ၅၀၀၀၀ ဆံ့ ရေလှောင်ကန်နှစ်ကန် တူးဖော်ဆောင်ရွက်ထားပြီး ရေလုံလောက်စွာရရှိရေး ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းနှင့် လမ်းလျှောက်သင်္ကြန်အတွင်း ရေပန်းများ၊ ပုသိမ်ထီး၊ ရောင်စုံထီးအလှများ တပ်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ယခုနှစ် သင်္ကြန်ပွဲတော်ကို တစ်မူထူးခြားပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆွမ်ပရာဘွမ်လမ်းမကြီး လမ်းလျှောက်သင်္ကြန်ပွဲတော် အပါအဝင် မြစ်ကြီးနားမြို့ မင်းရပ်ပြည်သူ့ရင်ပြင်အတွင်း၌လည်း ဧရာဦး ပန်းခြံနှင့် မင်းရပ်ပြည်သူ့ရင်ပြင်အကြား အရှည်ပေ ၆၀၀ ရှိ ကမ်းနားလမ်းတစ်လျှောက်တွင်လည်း လမ်းလျှောက်သင်္ကြန်ပွဲတော်အဖြစ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


